နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် (၁၇)ကြိမ်မြောက် ရွှေကြာသင်္ကန်းကပ်လှူခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ပွဲမင်္ဂလာအခမ်းအနားအား မတ် ၁၃ ရက်(တပေါင်း လပြည့်နေ့)နံနက် ၆ နာရီခွဲကကျင်းပခဲ့သည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးတိုင်း၊ မစိုးရိမ်တိုက်သစ်မဟာနာယက ဆရာတော်တို့အမှူးပြုသည့် ဆရာတော်ကြီးများကြွရောက်တော်မူ၍ လိုဏ်တော်အတွင်းကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် မဟာမဏိမယရတနာကျောက်စိမ်း ဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်လေးဆူနှင့် မဟာဆုတောင်းပြည့် (ပန်းပေါင်း)ဘုရားကြီးတို့အား ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခဲ့ကြသည်။
ထို့ပြင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မဟာမဏိမယရတနာကျောက်စိမ်းဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်လေးဆူနှင့် မဟာဆုတောင်းပြည့်(ပန်းပေါင်း)ဘုရားကြီးတို့အား ရွှေကြာသင်္ကန်းတော်၊ မြသပိတ်တော်ဖြင့် ဆွမ်းတော်၊ သစ်သီး၊ ပန်းနှင့် ရေချမ်းတို့ကိုဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကာ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများက မေတ္တသုတ်ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ်တော်မူခဲ့ကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချအမျှပေးဝေခဲ့ကြသည်။