ယနေ့ မတ်လ (၁၄)ရက် ညပိုင်းအချိန်၌ ONE ၏ ရာပြည့်ပွဲတစ်ခုဖြစ်သည့် ONE Friday Fights -100 ပွဲစဉ်တွင် ထိုင်း ကစ်ဘောက်ဆင်ချန်ပီယံ ဆန်းဂါးသစ်ကို သုံးချီအပြည့်ထိုးနိုင်ခဲ့သော်လည်း ရိုးရာဖိုက်တာ စူပါရေချမ်းမှာ ဒိုင်ပေးမှတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။
ရိုးရာဖိုက်တာ စူပါရေချမ်းအနေဖြင့် ပြိုင်ဘက် ဆန်းဂါးသစ်၏ ထိုးချက်ကြောင့် Knockdown တစ်ကြိမ်ကျခဲ့ကာ အမှတ်စဉ်ရေတွက်ခံခဲ့ရသော်လည်း တတိယအချီ ပြီးဆုံးချိန်အထိ ရင်ဆိုင်ထိုးနိုင်ခဲ့သည့်အတွက် ပရိတ်သတ်အားပေးမှုကို ရရှိခဲ့သည်။
ယနေ့ ပွဲစဉ်တွင် ထိုင်းကစ်ဘောက်ဆင်ချန်ပီယံ ဆန်းဂါးသစ်မှာလည်း Knockdown နှစ်ကြိမ်ကျခဲ့သော်လည်း ဒိုင်က အမှတ်စဥ်ရေတွက်ခြင်းမပြုခဲ့သည်ကိုလည်း တွေ့ရသည်။
ထိုင်းကစ်ဘောက်ဆင်ချန်ပီယံ ဆန်းဂါးသစ်မှာ ONE ပွဲစဉ်အတွင်း ပထမဆုံးအကြိမ် ထိုးသ-တ်ခြင်းဖြစ်ပြီး၊ မွေထိုင်းဖိုက်တာ ရော့ထန်၏ ယောက်ဖတော်စပ်သူဖြစ်သည်။
ပွဲစဉ်အပြီးတွင် ရိုးရာဖိုက်တာ စူပါရေချမ်းကို မွေထိုင်းချန်ပီယံ ရော့ထန်က ကြိုးဝိုင်းအတွင်း လာရောက် ဂုဏ်ပြုနှုတ်ဆက်ခဲ့သည်ကိုလည်း တွေ့ရသည်။
ရိုးရာဖိုက်တာ စူပါရေချမ်းမှာ ONE ပွဲစဉ်အတွင်း ယခုပွဲစဉ်အပါအဝင် (၃)ထိုး (၂) ပွဲရှုံး (၁)ပွဲနိုင် ရလဒ်ထွက်ပေါ်ထားသူဖြစ်သည်။