ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့အနေဖြင့် သင်္ဘောလိုင်းများကို တိုက်ခိုက်နေမှုကို အဆုံးမသတ်မချင်း အမေရိကန်ပြည်ထောင်စုက ၎င်းတို့ကို ဆက်လက်တိုက်ခိုက်နေမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးက မတ် ၁၆ ရက်တွင် ပြောကြားလိုက်သည်။ မတ်လ ၁၅ ရက်နေ့က အမေရိက၏ လူအေ-သအပျောက်များသော တိုက်ခိုက်မှုအတွက် လက်တုန့်ပြန်ရန် တိုက်ခိုက်မှုအရှိန်မြှင့်သွားနိုင်ကြောင်း အီရန်မဟာမိတ် ဟူသီအဖွဲ့က ပြောဆိုထားသည်။
ဟူသီ ကျန်းမာရေးဝန်ကြီးဌာနက လူပေါင်း ၅၃ ဦးထက်မနည်း ေ-သဆုံးခဲ့သည်ဟု ပြောဆိုသော ယင်းတိုက်ခိုက်မှုသည် ဇန်နဝါရီလတွင် ထရမ့်ပ်တာဝန်ယူပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသတွင် အမေရိက၏ အကြီးမားဆုံး စစ်ဆင်ရေးဖြစ်သည်။ စစ်ဆင်ရေးသည် သီတင်းပတ်ချီ ၍ ဆက်ရှိနေနိုင်သည်ဟု အမေရိကန်အစိုးရအရာရှိတစ်ဦးက ရိုက်တာကို ပြောဆိုခဲ့သည်။
ဟူသီခေါင်းဆောင် အဗ္ဗဒူလ် မာလစ် အယ်လ်ဟူသီက ယီမင်အပေါ် အမေရိက,က တိုက်ခိုက်မှုများ ဆက်လုပ်နေသရွေ့ သူ့ စစ်သွေးကြွများက အမေရိကန်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဟု မတ် ၁၆ ရက်တွင် ပြောဆိုခဲ့သည်။ “သူတို့ ဆက်ပြီး ရန်လိုနေမယ်ဆိုရင် ငါတို့ကလည်း တိုက်ခိုက်မှုတွေ ဆက်အရှိန်မြှင့်သွားမယ်” ဟု ရုပ်သံမိန့်ခွန်းတွင် သူက ပြောဆိုခဲ့သည်။
အမေရိက၏ တိုက်ခိုက်မှုကို တုန့်ပြန်သည့်အနေဖြင့် ဟူသီအဖွဲ့သည် အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဟယ်ရီ အက်စ် ထရူးမင်းနှင့် ယင်း၏ အခြံအရံသင်္ဘောများကို ပဲ့ထိန်းဒုံးကျည်များ၊ ဒရုန်းများဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု ဟူသီ၏ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက အထောက်အထားမဖော်ပြဘဲ မတ် ၁၆ ရက်တွင် ပြောဆိုခဲ့သည်။
မတ်လ ၁၆ ရက်နေ့တွင် အမေရိကန်စစ်လေယာဉ်များသည် ဟူသီဒရုန်း ၁၁ စင်းကို ပစ်ချခဲ့ကြောင်းနှင့် ယင်းတို့ထဲက တစ်စင်းတစ်လေမျှ ထရုးမင်းအနီးကို မကပ်နိုင်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက ရိုက်တာကို ပြောသည်။
ဟူသီအဖွဲ့က မိမိတို့ သင်္ဘောများ၊ ဒရုန်းများကို ပစ်ခတ်မှုများ ရပ်မည်ဟု ပြောပြီး မိနစ်ပိုင်းမှာပင် စစ်ဆင်ရေး ပြီးဆုံးမည်ဖြစ်သော်လည်း ယင်းလုပ်ရပ်များ မရပ်မချင်း မဆုတ်မနစ် ဆက်ရှိနေမည်ဖြစ်သည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က Fox News ၏ Sunday Morning Futures သို့ ပြောကြားခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်