ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ရာမညလမ်းသွယ်(၈)လမ်းတွင် နေအိမ် တစ်အိမ်မှ မီးစတင် လောင်ကျွမ်းမှု ဖြစ်ပွားရာမှ အိမ် (၆)လုံး မီးလောင် ဆုံးရှုံးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။
ယနေ့ မတ်လ (၁၇)ရက်၊ နံနက်အစောပိုင်း (၄)နာရီ မိနစ် (၅ဝ) အချိန်ခန့်က အဆိုပါ ရပ်ကွက်တွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဧရာဝတီတိုင်းမီးသတ် ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ပုသိမ်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ပုသိမ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ပုသိမ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ငဝန်ကျွန်းသာနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အဘယသီဝံလူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ထွက်ခွာငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ထွက်ခွာ ငြှိမ်းသတ်ရာ မိနစ် (၄၀)ခန့်ကြာ ငြှိမ်းသတ်ခဲ့ရပြီး နံနက် (၅)နာရီ မိနစ် (၃၀)အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ မီးစတင်လောင်ကျွမ်းသည့် နေအိမ်မှ အိမ်ပိုင်ရှင်ကို ဆက်လက်စစ်ဆေးပြီး လိုအပ်သည်များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။