အင်္ဂါနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ စကားပြောဆိုဆွေးနွေးရန်အတွက် ပြင်ဆင်နေကြောင်း ရုရှားအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ်က ယနေ့ အတည်ပြုပြောကြားခဲ့သည်။
“ဟုတ်ပါတယ်၊ ဒါဟာအမှန်ပါပဲ” ဟု သူကထပ်လောင်းပြောကြားခဲ့သည်။ “ဒီလိုစကားပြောဆိုမှုကို အင်္ဂါနေ့အတွက် ပြင်ဆင်နေပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားခဲ့သည်။
ရုရှားသမ္မတနှင့် အင်္ဂါနေ့တွင် စကားပြောဆိုရန် စီစဉ်ထားကြောင်း ထရမ့်က သတင်းထောက်များကို ယမန်နေ့ကပြောကြားခဲ့သည်။ အမေရိကန်ခေါင်းဆောင်အဆိုအရ၊ ယူကရိန်းပဋိပက္ခနှင့်ပတ်သက်သည့် နယ်မြေဆိုင်ရာနှင့် အခြေခံအဆောက်အအုံဆိုင်ရာကိစ္စရပ်များကို အထူးဂရုပြုဆွေးနွေးရန် ရည်ရွယ်ထားကြောင်း သိရသည်။
ပူတင်နှင့် ထရမ့်တို့၏ နောက်ဆုံးဖုန်းစကားပြောဆိုမှုမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဖြစ်သည်။ တစ်နာရီခွဲကြာမြင့်ခဲ့သည့် ထိုစကားဝိုင်းတွင် နိုင်ငံတစ်နှစ်ခုအကြား ဆက်ဆံရေးနှင့်ပတ်သက်သည့် ပြဿနာများအပြင် ယူကရိန်းပြဿနာကိုပါ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ရုရှားနှင့် အမေရိကန်သမ္မတနှစ်ဦးသည် မျက်နှာချင်းဆိုင်တွေ့ဆုံမှုများအပါအဝင် ဆက်သွယ်မှုများကို ဆက်လက်ပြုလုပ်ရန် သဘောတူညီခဲ့ကြသည်။ ထိုသဘောတူညီချက်များနှင့်အညီ ထရမ့်၏ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်သည် မော်စကိုတွင် ပူတင်နှင့် တွေ့ဆုံခဲ့သည်။