ယနေ့ မတ် ၁၇ ရက်တွင်စတင်ကျင်းပသည့် ၂ဝ၂၄ -၂ဝ၂၅ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြစ်သော မြန်မာစာဘာသာရပ်အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ၉၄ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်ဖြေဆိုရာ၌ နေပြည်တော်အတွင်း မြို့နယ်(၈)မြို့နယ်ရှိ စာစစ်ဌာန(၄၇)ခု၌ မြန်မာစာဘာသာရပ်အား ကျောင်းသား(၅၄၈၄)ဦး၊ ကျောင်း သူ(၇၀၆၈)ဦး(စုစုပေါင်း ၁၂၅၅၂ ဦး)ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ထို့ပြင် တိုင်းနှင့် ပြည်နယ်အလိုက် ခရိုင်/မြို့နယ်/နိုင်ငံခြားစာစစ်ဌာနပေါင်း(၇၇၀)တွင် မြန်မာစာဘာသာရပ်အား ဝင်ရောက်ဖြေဆိုသည့် ကျောင်း သား၊ ကျောင်းသူ(၁၉၆၃၃၇)ဦးရှိ၍ နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီး၌ ဝင်ရောက်ဖြေဆိုသော ကျောင်းသား၊ ကျောင်းသူရာခိုင်နှုန်းမှာ(၉၄ ဒသမ ၅၉)ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြပြီး လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များကလည်း စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးခဲ့ကြကြောင်း သိရသည်။