နေပြည်တော်နှင့် ရန်ကုန်တိုင်းတို့တွင် ယမန်နေ့ မတ် ၁၇ ရက်တစ်ရက်တည်း၌ပင် တောမီးလောင်ကျွမ်းမှု၊ ကိုင်းတောမီးလောင်မှုနှင့် မြက်ခြောက်မီးလောင်မှု (၆)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ မတ် ၁၇ ရက်ည ၈ နာရီ ၁၆ မိနစ်ခန့်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ်(၅၆)၊ အဂတိလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ရုံးဘေးတွင် တောမီးလောင်မှုဖြစ်ပွား၍ ဥတ္တရနယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၉ နာရီ ၁၃ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ည ၆ နာရီ ၁၀ မိနစ်ခန့်ကလည်း ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ်(၁၇)၊ ရာထူးဝန်ရုံးရှေ့တွင် တောမီးလောင်မှုဖြစ်ပွား၍ ဥတ္တရမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များမှငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၅၅ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့အတူ နေ့လည် ၁ နာရီ ၃ မိနစ်ခန့်က နေပြည် တော်၊ ရုံးအမှတ်(၅၆)အနီးတွင် တောမီးလောင်မှုဖြစ်ပွား၍ ဥတ္တရသီရိမြို့နယ်/နယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြသဖြင့် ညနေ ၄ နာရီ ၄ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်း၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အနော်ရထာစက်မှုဇုန်ရှိ ရန်ကုန်-ပုသိမ်သွားကားလမ်းတွင် ည ၆ နာရီ ၃၉ မိနစ်ခန့်က ကိုင်းတောမီးလောင်ခြင်း၊ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ စက်မှုပတ် လမ်းဘေးတွင် မြက်ခြောက်မီးလောင်ခြင်းတို့အားသက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြရကြောင်း သိရသည်။
ထို့အတူ ညနေ ၄ နာရီ ၃၉ မိနစ်ခန့်က ရန်ကုန်-မန္တလေးသွားကားလမ်းဟောင်း၏ မိုင်တိုင်အမှတ် ၂၄၁/၃ အနီးကားလမ်းဘေးတွင် တောမီးလောင်မှုဖြစ်ပွား၍ ပုပ္ပါးကုန်းနယ်မြေမီးသတ်စခန်း၊ တပ်ကုန်းမြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြ၍ ညနေ ၅ နာရီ ၁၅ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။