နှစ်နိုင်ငံကုန်သွယ်မှုတွင် ကြီးမားသော ကုန်သွယ်မှုပိုငွေပြနေမှုကြောင့် အမေရိက၏ အခွန်စည်းကြပ်မှုများ လုပ်လာမည့်အရေးကို ရှောင်ရှားနိုင်ရန် ကြိုးပမ်းနေသော ဗီယက်နမ်နိုင်ငံသည် သဘာဝဓါတ်ငွေ့ရည်နှင့် မော်တော်ကား အပါအဝင် အမေရိကန်ထုတ်ကုန်များစွာအပေါ် အခွန်လျှော့ချဖြတ်တောက်သွားမည်ဖြစ်ကြောင်း ဗီယက်နမ် ဘဏ္ဍာရေးဝန်ကြီးဌာန အခွန်မူဝါဒဌာန အကြီးအကဲက ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကုန်သွယ်ဖက်များအ ပေါ် အခွန်စည်းကြပ်မှုများ ကို ပိုမို ကျယ်ပြန့်စွာ ချမှတ်မည်ဟု ကြေညာခဲ့ပြီးနောက် စက်မှုလုပ်ငန်းဗဟိုချက် ဖြသ်သော ဗီယက်နမ်နိုင်ငံသည် ယမန်နှစ်တွင် ဒေါ်လာ ၁၂၃ ဘီလျံကျော်လွန်ခဲ့သော ဝါရှင်တန်နှင့် ကုန်သွယ်မှု ပိုငွေပြမှုကို လျှော့ချရေး အစီအမံများ ချမှတ်ခဲ့သည်။
အခွန်လျှော့ချမှုများအနက် အမေရိကန် သဘာဝဓါတ်ငွေ့ ရည်အပေါ် ၅ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့၊ မော်တော်ကားများအပေါ် ၄၅-၆၄ ရာခိုင်နှုန်းမှ ၃၂ ရာခိုင်နှုန်းသို့၊ အီသနောအပေါ် ၁၀ ရာခိုင်နှုန်းမှ ၅ ရာခိုင်းနှုန်းသို့ ဖြတ်တောက်သွားမည်ဖြစ်ကြောင်း အင်္ဂါနေ့အနှောင်းပိုင်းက ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင်တင်ခဲ့သော ထုတ်ပြန်ချက်၌ Nguyen Quoc Hung က ပြောကြားခဲ့သည်။
အခွန်ဖြတ်တောက်ခြင်းများသည် ဗီယက်နမ်၏ ကုန်သွယ်မိတ်ဖက်များနှင့် ကုန်သွယ်မှု ညီမျှရေး တိုးတက်ကောင်းမွန်ရန် ရည်ရွယ်သည်ဟု Hung က ပြော ကြားခဲ့ပြီး အမေရိကနှင့် ဗီယက်နမ်သည် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှု ရှိထားသော်လည်း လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော နိုင်ငံများဖြစ်သည်ဟု ဆက်လက် ပြောကြားခဲ့သည်။
ဗီယက်နမ်သည် လက်ရှိအထိမူ အမေရိကန် သဘာဝဓါတ်ငွေ့ကို တင်သွင်းထားခြင်း မရှိသေးသော်လည်း ၎င်း၏ အနာဂတ် သဘာဝဓါတ်အားပေးစက်ရုံများအတွက် အမေရိကန် ကုမ္ပဏီများနှင့် ဆွေးနွေးနေလျက်ရှိကာ ပထမဆုံး ဓါတ်အားပေးစက်ရုံနှစ်ရုံသည် ယခုနှစ် ဇွန်လတွင် စီးပွားဓါတ်အားထုတ်လုပ်မှုစတင်ရန် စီစဉ်ထားသည်။
ဗီယက်နမ်သည် အမေရိကန် အီသိန်းတင်သွင်းမှုအပေါ် အခွန်စည်းကြပ်မှုကိုလည်း ဖယ်ရှားမည်ဖြစ်ကြောင်း Hung က ပြောသည်။ အခွန်လျှော့ချဖြတ်တောက်မှု ဒီကရီအမိန့်သည် ယခုလအတွင်း အသင့်ဖြစ်မည်ဖြစ်ကာ ယင်းနောက်ပိုင်းတွင် အသက်ဝင်မည်ဖြစ်သည်ဟု သူက ပြောကြားခဲ့သည်။ Ref: သည်စထရိတ်တိုင်းမ်စ်