လက်ရှိတွင် ရန်ကုန်ဆိပ်ကမ်း၌ ကုန်သေတ္တာ TEU ၂၆၀၀ အထိ သယ်ဆောင်နိုင်ပြီး ရေစူး ၁၀ ဒသမ ၅ မီတာအထိရှိသည့် တန်ချိန် ၅၀၀၀၀ သင်္ဘောကြီးများ ဝင်/ထွက် လက်ခံဝန်ဆောင်မှုပေးလာနိုင်ပြီဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက ပြောသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ပြုလုပ်သည့် ပထမအကြိမ် ရေယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း (Transshipment) လုပ်ငန်းစဉ် စတင်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ တောင်အာရှနှင့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများကို ချိတ်ဆက်ပေးနိုင်သည့် အနေအထားတွင်ရှိကြောင်း၊ ရန်ကုန်ဆိပ်ကမ်းသည် အိန္ဒိယသမုဒ္ဒရာနှင့် ဆက်စပ်ကမ်းရိုးတန်းတစ်လျှောက်ရှိ ဆိပ်ကမ်းများသို့ ရေယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း(Transshipment) နည်းလမ်းကို အသုံးပြုပြီး ဒေသတွင်းကြားခံဆိပ်ကမ်း (Transit Port) အဖြစ် ဆောင်ရွက်နိုင်မည့် အနေအထားရှိကြောင်း ဒုဝန်ကြီးကပြောသည်။
ဆက်လက်၍ ရေယာဉ်လွှဲပြောင်းတင်ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လာနိုင်မည်ဆိုပါက နိုင်ငံ၏ အဓိကပို့ကုန်များဖြစ်သော ပဲနှင့် ပြောင်းဈေးကွက်ဝေစုပိုမိုရရှိပြီး ပိုမိုတင်ပို့နိုင်လာမည်ဖြစ်ကြောင်း၊ ရန်ကုန်ဆိပ်ကမ်းအနေဖြင့် လက်ရှိကုန်သေတ္တာကိုင်တွယ် ရရှိမှုပမာဏ တစ်နှစ် TEU ရှစ်သိန်း ပမာဏထက် ပိုမိုတိုးတက်ကိုင်တွယ်လာနိုင်မည်ဖြစ်၍ နိုင်ငံအတွက် ဆိပ်ကမ်းဝင်ငွေတိုးတက်ရရှိလာမည်ဖြစ်ကြောင်း သိရသည်။
မြစ်တွင်းမှ Barge ရေယာဉ်များဖြင့် ချိတ်ဆက်သယ်ပို့ခြင်းအပြင် ကုန်းလမ်းမှ ကား၊ ရထားတို့ဖြင့် သယ်ပို့ခြင်းစသည့် သယ်ယူပို့ဆောင်ရေးနည်းလမ်းများ ပေါင်းစပ်ပြီး ဝန်ဆောင်မှုပေးနိုင်ရန်အတွက် Stakeholder များ အားလုံးက ပူးပေါင်းပါဝင်ဝိုင်းဝန်း ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နစက ဥက္ကဌက ရန်ကုန်ဆိပ်ကမ်းသို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့စဉ် လမ်းညွှန်မှာကြားပြောကြားခဲ့ကြောင်း ဒုဝန်ကြီးကဆိုသည်။