နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန် ဂုရုကြီး ရှရီရှရီ ရာဗီရှန်ကာ တို့ ယနေ့ ဧပြီ ၁၂ ရက်နံနက်ပိုင်းက ဖုန်းဖြင့်ဆက်သွယ်စကားပြောခဲ့ကြသည်။
ငြိမ်းချမ်းရေးသံတမန်ကြီး သည် ဖေဖော်ဝါရီလဆန်းက မြန်မာပြည်သို့လာရောက်ပြီး နစက ဥက္ကဋ္ဌ နှင့်တွေ့ခဲ့သူတစ်ဦးဖြစ်သည်။
အမေရိက သို့ ခေတ္တရောက်နေသော ဂုရုကြီး က နစက ဥက္ကဋ္ဌ နှင့် ဖုန်း အဆက်သွယ် ရရာ၌ မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများအပေါ် မိမိအနေဖြင့် မြန်မာနိုင်ငံသားများနှင့်ထပ်တူဝမ်းနည်းရပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများအကြောင်း မေးမြန်းသလို
နစက ဥက္ကဋ္ဌမှလည်း ယခုကဲ့သို့ ဆက်သွယ်မေး မြန်းပြောကြားသည့်အတွက် မိမိအနေဖြင့်ကျေးဇူးတင်ကာ မန္တလေးငလျင်ကြီးဖြစ်ပွားခဲ့ပြီးချိန်တွင် နိုင်ငံတကာမှကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လာရောက်ဆောင်ရွက်ပေးလျက်ရှိပြီး ယခုအချိန်တွင် ရှင်းလင်းရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။
ထို့နောက် နစက ဥက္ကဋ္ဌနှင့် ငြိမ်းချမ်းရေးသံတမန်ကြီးတို့သည် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဥ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိမှု၊သံတမန်ကြီးအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များတွင်ပါဝင်ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ပုံ- ၉.၀၂.၂၀၂၅ နေပြည်တော်တွင် တွေ့ဆုံစဥ်ပုံ