ပရိသတ်ကြိုက်နှစ်သက်တဲ့ ဖျော်ဖြေပွဲပုံစံပြောင်းလဲလာမှုအကြောင်း ကိုစိုးနိုင်ထွန်း ( ရွှေစင် Entertainment ) ပြော

0
166

ko-ei-kyar

ဒီလပိုင်းတွေထဲမှာ ပြုလုပ်တဲ့ ရန်ကုန်မန္တလေးမြို့ကြီးများက ဖျော်ဖြေပွဲတော်တော်များများကို စီစဉ်တာကတော့ ရွှေစင် Entertainment ပဲ ဖြစ်ပါတယ်။ ကိုအီကြာကွေးလို့ ခေါ်တဲ့ ကိုစိုးနိုင်ထွန်းရဲ့ ရွှေစင် Entertainment က စီစဉ်တဲ့ပွဲ တွေဟာ အောင်မြင်တဲ့ ပွဲတွေဖြစ်ခဲ့ပြီး ချစ်ကောင်းနဲ့ အိမ့်ချစ်ရဲ့ ၅၂၈ show ၊ R ဇာနည်ရဲ့ တစ်ကိုယ်တော် Show ၊ အေးချမ်းမေတစ်ကိုယ်တော် Show အဆိုတော်ကြီး ၄ဦးရဲ့ 80 Classic Night စတာတွေအပြင် လတ်တလော ပြုလုပ်မှုများနေတဲ့ EDM ဂီတပွဲများမှာလည်း ရွှေစင်ရဲ့အစီအစဉ်တွေပါပါတယ်။ ဒီလိုပွဲဆက်တွေများနေတဲ့ ရွှေစင်ရဲ့ ပဲ့ကိုင်သူ ကိုစိုးနိုင်ထွန်းနဲ့ တွေ့ဆုံခိုက်ဖျော်ဖြေပွဲတွေ အပေါ်လတ်တလောအနေအထားတွေအကြောင်းပြောဖြစ်တော့

” ဒီရက်ပိုင်းထဲမှာ ကျွန်တော်တို့ပွဲတွေများနေပါတယ်။ ပွဲတိုင်းနီးပါးလည်း အောင်မြင်ပါတယ်။ ဒီဘက်ပိုင်းမှာတော့ ပွဲတွေများလာတော့ ပရိသတ် အားပေးမှုက စိုးရိမ်စရာကောင်းပေမယ့် တစ်ခုရှိတာက Theme လေးတွေနဲ့ပွဲကို ပိုကြည့်ချင်လာတယ်။ ပုံစံတူ အပ်ကြောင်းထပ်နေတဲ့ ပွဲမျိုးဆိုရင်တော့ သိပ်မလွယ်လောက်ဘူး။ ပြီးတော့ ပြောင်းလဲလာတာ တစ်ယောက်တည်းဆိုတာကို ပိုကြိုက်လာတယ်။ ကမ္ဘာမှာလည်း ဒီလိုပဲ။ ဒီမှာတော့ လူအများကြီးနဲ့ အမြဲတမ်းလုပ်နေကြတဲ့ပုံစံကနေ တစ်ယောက်တည်း ဖျော်ဖြေတဲ့ပွဲ ပုံစံလေးတွေပြောင်းလာတယ်။ ပြီးတော့ Theme ရှိတဲ့ပွဲလေးတွေဘက်ကို ပြန်လှည့်လာတယ်။

ကျွန်တော့်အတွေးသေးသေးနဲ့ ပြောတာပါ။ ဒါက ပိုမှန်လာတယ် ထင်တယ်။ နိုင်ငံတကာမှာလည်း စတိတ်ရှိုးတစ်ခုသွားကြည့်ရင် Gun & Roses ပွဲကို သွားကြည့်ရင် သူ့ပဲ ကြည့်ရပါတယ်။ တစ်ပွဲတည်းနဲ့ အဆိုတော်အများကြီးကြည့်ဖို့ အခွင့်အရေးမရှိပါဘူး။ Bon Jovi ကြိုက်ရင်လည်း Bon Jovi ပွဲပဲ သွားကြည့်ရပါတယ်။ အဲ့ဒီလိုတော့ ထင်ပါတယ်။ ကျွန်တော်တို့ ပွဲတွေ အောင်မြင်တယ်ဆိုတာလည်း အဲ့ဒီလို Theme လေးတွေလည်းပါသလို တစ်ဦးချင်းစီ ရဲ့ အမာခံပရိသတ်တွေရဲ့ အကြိုက်လည်းဖြစ်ပါတယ်။ ဒီလို Theme ရှိတာလေးတွေကို ပရိသတ်တွေက ပိုသဘောကျလာတယ်လို့ မြင်မိပါတယ်” လို့ ဆိုပါတယ်။ ကိုစိုးနိုင်ထွန်းတို့ ရွှေစင် Entertainment အနေနဲ့လင်းလင်းရဲ့ Music Tour မှာလည်း ပါဝင်ဆောင်ရွက်ပေးလျက်ရှိပြီး ၂ဝ၁၆ နှစ်ကုန်ပိုင်းနဲ့ ၂ဝ၁၇ နှစ်ဆန်းပိုင်းတို့ မှာလည်း ဂီတအမျိုးအစား ပုံစံမျိုးစုံနဲ့ဖျော်ဖြေပွဲများကို တစ်ပွဲနဲ့တစ်ပွဲမတူအောင် စီစဉ်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here