Myanmar Idol ကပေါ်ထွက်လာခဲ့တဲ့ အဆိုတော် Sophia Everest ကတော့ သူမရဲ့တစ်ကိုယ်တော် စီးရီးခွေအတွက် ပြင်ဆင်ရင်း ပရိသတ်နဲ့ တွေ့ဆုံဖို့ ရင်ခုန်စိတ်လှုပ်ရှားနေသူပါ။ ဒီဇင်ဘာလမှာတစ်ကိုယ် တော်စီးရီးခွေထွက်တော့မယ်ဆိုလို့ သူမကို မေးဖြစ်တဲ့အခါ..
” စီးရီးခွေကတော့ ညီမအခြေအနေ အကြောင်းကြောင်းကြောင့် နောက်ဆုတ်သွားတယ်။ ဒီဇင်ဘာလမှာလည်း စီးရီးခွေထွက်မယ့် သူတွေ တော်တော်များတော့လေ” လို့ဆိုဖီယာကပြောပါတယ်။ သို့သော်သူမရဲ့ တစ်ကိုယ်တော်စီးရီးခွေကိုတော့ ဇန်နဝါရီလထဲမှာ ထွက်ရှိနိုင်ဖို့ ကြိုးစားနေကြောင်းလည်း သိရပါတယ်။ စီးရီးခွေ Title တောင်ပေးပြီးပြီဆိုတဲ့ ဆိုဖီယာကိုဘယ်လို နာမည်လေးလဲလို့မေးတော့ Surprise လုပ်ထားပါဦးမယ်တဲ့။ စီးရီးခွေနဲ့ပတ်သက်ပြီး သူမရဲ့စိုးရိမ်မှုက..
“နာမည်ကြီးအဆိုတော်တွေလိုမျိုးတော့ မဖြစ်နိုင်ဘူးပေါ့။ ဒါက ကိုယ့်ရဲ့ ပထမဆုံးလည်း ဖြစ်တော့လေ။ သီချင်းနဲ့ပတ်သက်ပြီး၊ အသံနဲ့ ပတ်သက်ပြီးတော့အကောင်းဆုံးလုပ်ထားတယ်။ ပထမဆုံးစီးရီးခွေ ဖြစ်တဲ့အတွက် ကိုယ့်ကိုအားပေးမယ့် Fan တွေတော့ ရှိတာပေါ့။ ဒါပေမဲ့ပရိုမိုးရှင်းပွဲမှာ ဘယ်လိုဖြစ်လာမလဲတော့ မသိသေးဘူး” လို့ပြောပါတယ်။ ဆိုဖီယာကို တချို့က ပြောကြတာက မျက်နှာနည်းနည်းတည်တယ်နော်လို့ဆိုတဲ့အခါ သူမကအခုချိန် မှာတော့ ရှိုးတွေဆိုတဲ့အခါ ပရိသတ်နဲ့ သဟဇာတဖြစ်နေပါပြီလို့ ဆိုပါတယ်။
” ဆိုဖီက Photo Shoot ပိုင်းတွေ မရဘူး။ Post ပေးတာတွေပေါ့။ မျက်နှာကြောတအားတင်းတယ်လို့ ပြောကြတယ်။ သီချင်းဆိုတာကိုလည်း အရင်တုန်းက အပြောခံရတယ်။ တအားတည်တယ်ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ ဆိုဖီကြိုးစားပြီးပြင်ဆင်နေပါတယ်” လို့ Sophia Everest က ပြောပြခဲ့ပါတယ်။
မျိုးမောင်