ရွှေကြက်ဖ ရုပ်ရှင်ပွဲတော် အပြန်

0
221

kyet

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နှစ်စဉ်ကျင်းပမြဲဖြစ်သော ရွှေကြက်ဖ ရုပ်ရှင်ပွဲတော်အတွက် မြန်မာပြည်မှ ရုပ်ရှင် ဇာတ်ကားများတင်ပြရန်ဖိတ်ခေါ်သောအခါ မြန်မာပြည်မှ အင်္ဂလိပ်စာတန်းထိုးထားသော ရုပ်ရှင်ဇာတ်ကားသုံးကားတင်ပို့ရာ “နှလုံးသားဖြင့်ပြုလုပ်သည်” ဇာတ်ကားကို ပြသရန် ရွေးချယ်လိုက်၏။

၎င်းဇာတ်ကားသည် ဒါရိုက်တာ ဝိုင်း ရိုက်ကူးပြီး ၂ဝ၁၄ ခုနှစ်အကောင်းဆုံး အဓိကမင်းသားအဖြစ် ပြေတီဦး၊ အကောင်းဆုံး အမျိုးသားဇာတ်ပို့အဖြစ် ဇင်ဝိုင်း၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုအဖြစ် ဝတ်မှုံရွှေရည်တို့ အကယ်ဒမီဆုရရှိထားသော ဇာတ်ကားဖြစ်၏။ ယခင်နှစ်များကတော့ ရွှေကြက်ဖ ရုပ်ရှင်ပွဲတော်သို့ ရွေးချယ်ခံရသော ဇာတ်ကား၊ ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ သရုပ်ဆောင် စသည်ဖြင့် သွားကြသော်လည်း ယခုနှစ်တွင် အကြောင်း အမျိုးမျိုးကြောင့် ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ သရုပ်ဆောင်တို့ မသွားနိုင်သောကြောင့် ရုပ်ရှင် အစည်းအရုံးမှ အမှုဆောင်များဖြစ်သည့် ကျွန်မနှင့် ဒေါ်ခင်သန်းနွယ်တို့အား စေလွှတ်ခဲ့ပါသည်။

ရန်ကုန်မှ ၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ ည ၇း၄၅ တွင် TG- 306 လေယာဉ်ဖြင့် စတင်ထွက်ခွာပြီး ဘန်ကောက် လေဆိပ်သို့ ၉း၃ဝ တွင် ရောက်ခဲ့ပါ သည်။ ၁၁း၃ဝ တွင် ဘန်ကောက်မှ တစ်ဆင့် TG- 686 လေယာဉ်ဖြင့် ဆက်လက်ထွက်ခွာလာရာ စက်တင်ဘာလ ၂ဝ ရက်နေ့ နံနက် ၄ နာရီတွင် ဘေဂျင်းမြို့တော်သို့ ရောက်ခဲ့ပါသည်။ လမ်းခရီးတစ်လျှောက်တွင် လူသူ၊ အိမ်ခြေဟူ၍မတွေ့ဘဲ ယူကလစ်ပင်များနှင့်တူသော သစ်ပင်များစီ တန်း၍ပေါက်နေသည်ကို တွေ့ရ၏။ ကျွန်မတို့ နှင့်တကွ နိုင်ငံရပ်ခြား မှဧည့်သည်များ တည်းခိုရန်စီစဉ်ထားသော Grand Metro Park Guoteng Hotel သည် Yun He Dong လမ်းအမည်ရှိ ကန်ပတ်လမ်းပေါ် တည်ရှိ၍ အလွန်ကြီးကျယ်ခံ့ညားသော အဆောက်အအုံကြီး ဖြစ်သည်။ ကျွန်မတို့တည်းခိုရာ ဟိုတယ်နှင့် Tangshan မြို့ထဲသို့ တစ်နာရီလောက်ကားဖြင့်သွားရ၏။ လမ်းခရီးမှာ ကားတွေရှင်းသည်။ ကားသွားရန် လမ်းမကြီးဘေးမှာ စက်ဘီးနှင့် အနှေးယာဉ်များ သွားရန်လမ်း၊ လမ်းလျှောက်သွား ရန်လမ်း စသဖြင့်ရှိပြီး သက်ကြီး ရွယ်အိုများနှင့် ကျောင်းသူ၊ ကျောင်းသားများ ယာဉ်အန္တရာယ်နှင့် ကင်းဝေးစွာလမ်းလျှောက်သွားကြသူများကို အားကျမိပါသည်။ ဝင်းခြံကျယ်ကြီးများတွင် အထပ်မြင့် ဆင်တူကွန်ဒိုတိုက်ခန်း များ၊ ခြံဝင်းထဲတွင်ကားများ အစီအရီ ရပ်ထားပုံကိုလည်း သဘော ကျစွာ ငေးကြည့်မိပါသည်။ ကျွန်မတို့ ရန်ကုန်မြို့ကြီးမှာတော့ ကားရပ်စရာနေရာမရှိ၊ လမ်းခရီးတွင် လိုင်းကား၊ အငှားကား၊ ကိုယ်ပိုင်ကားများကျပ်ညပ်၍ တစ်နေရာနှင့် တစ်နေရာသွားဖို့ လိုအပ်သည်ထက် အချိန်တွေပိုကြာ နေတတ်သည်မဟုတ်လား။ ကျွန်မတို့နှင့် ဈေးဝယ်လိုက်ပို့ သော ကလေးတွေမှာ ကျွန်မတို့အား ဂရုစိုက်လွန်းသည်။ ဘာဝယ်ချင်တာလဲ၊ ဘာတွေဝယ်မှာလဲမေးပြီး စိတ်ရှည်လက်ရှည် တစ်ဆိုင်ပြီး တစ်ဆိုင် လိုက်ပို့သည်။ ထမင်းစားချိန်အမီ နေ့လယ် ၁၂ နာရီတိတိ ပြန်ရောက်ရမှာမို့ မြေးဖြစ်သူအတွက်ကစားစရာ အရုပ်ကလေးများဝယ်ပြီး ဟိုတယ် သို့ ပြန်ခဲ့ကြသည်။ ထမင်းစားခန်းထဲမှာ နိုင်ငံ အမျိုးမျိုးမှ ဧည့်သည်များ ရောက်နေတာ တွေ့ရ၏။ ညနေ ၅ နာရီတွင် ကျွန်မတို့ ရွှေကြက်ဖရုပ်ရှင်ဖွင့်ပွဲသို့ သွားကြရသည်။

ဟိုတယ်မှနေ၍ ကားနှင့် တစ်နာရီလောက် သွားရသော Tangshan Great Theater သည် Lunan မြို့နယ် Dantang လမ်းမကြီးပေါ်မှာရှိပြီး (၆၇ဝဝဝ) Square Meters ခန့်ကျယ်ဝန်းသော မြေနေရာတွင် အဆင့်မြင့် ၆ ထပ်ရှိသော ပြဇာတ်ရုံကြီးဖြစ်ပါသည်။ ဘေးပတ်လည်တွင် ကျယ်ဝန်းသော ခန်းမကြီးများ၊ ကားရပ်နားရန် နေရာများရှိပါသည်။ ခန်းမကြီး၏အပြင်အဆင် ခမ်းနားပုံမှာ ထူးခြားဆန်းကျယ်သည်။ ရွှေကြက်ဖ ရုပ်ရှင်ပွဲတော်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရုပ်ရှင် ချစ်သူများအသင်းက ကြီးမှူးကျင်းပသည်။

ရုပ်ရှင်အသင်း ဥက္ကဋ္ဌဖြစ်သော Li Xuejien က အခမ်းအနား အဖွင့် မိန့်ခွန်းပြောကြားရာ ထုတ်လုပ်သူများ၊ ဒါရိုက်တာများ၊ သရုပ်ဆောင် ကြီးများ ပါဝင်ဖွဲ့စည်းထားသော ရုပ်ရှင်ချစ်သူများသည် ရွှေကြက်ဖ ရုပ်ရှင်ပွဲတော်ကို ကျင်းပလာသည် မှာ ၂၅ ကြိမ်မြောက်ဖြစ်သည်။ မိမိတို့မြို့တော် Phoenix City သည် ၁၉၇၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့က ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးပြီး နောက်ပိုင်းတွင် မိမိတို့ မြို့ကို ပြန်လည်တည်ဆောက်ရင်းမှ ရုပ်ရှင်နှင့်ပတ်သက်သူများက မိမိတို့ မြို့တော်ကို လူသိများကာ ပို၍ စည်ကားတိုးတက်ဖွံ့ဖြိုးစေလိုသော ကြောင့် ရွှေကြက်ဖရုပ်ရှင်ပွဲတော်ကို ကျင်းပလာခဲ့သည်ဖြစ်ကြောင်း၊ မူလက ပြည်တွင်းရုပ်ရှင်များသာ ပြသခဲ့ပြီး နောင်အခါတွင် အိမ်နီးချင်း နိုင်ငံများကိုပါ ဖိတ်ခေါ်၍ ပြိုင်ပွဲဝင်စေခဲ့ပါသည်။ ယခင်က ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ် စသော နိုင်ငံများသာ ပါဝင်ခဲ့ပြီး ယခုအခါ အိန္ဒိယ၊ အစ္စရေး၊ ဗီယက်နမ်၊ ဘယ်လ်ဂျီယံ၊ ဂရိစ်၊ အီတလီ၊ ရုရှား၊ ကိုရီးယား၊ ပြင်သစ်၊ ပိုလန်၊ မက္ကဆီကို၊ မြန်မာ စသည်ဖြင့် နိုင်ငံတော်တော်များများ မှ မိမိတို့ပွဲတော်သို့ တလေးတစား လာရောက်၍ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါ သည်။ ပေးပို့သောဇာတ်ကားနှင့် ဇာတ်လမ်းတိုများအပါအဝင် ဇာတ်ကား ၁ဝဝ တွင် ဇာတ်ကားကြီး ၄၄ ကား ပြသရန် ရွေးထားပါသည်။ မိမိတို့ နိုင်ငံသို့ ချစ်ကြည်လေးစားစွာ လာရောက်ပြီး ပွဲတော်စည်ကား အောင်မြင်ရေး ချီးမြှင့်ပေးကြသော ဧည့်သည်တော်များအားလည်း အထူးကျေးဇူးတင်ကြောင်း ပြော ကြားခဲ့ပါသည်။ ထို့နောက် ရုပ်ရှင်အသင်းတွင် ပါဝင်သော ဥက္ကဋ္ဌ၊ အတွင်းရေးမှူး စသည်တို့နှင့် မိတ်ဆက်ပေးပြီး ယဉ်ကျေးမှုနှင့် ဘဝသရုပ်ဖော် တေး ဂီတ၊ ပြဇာတ်များ ပြသဖျော်ဖြေခဲ့ပါ သည်။

၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီတွင် Tangshan World Horticultural Exhibition သို့ လေ့လာရေးခရီး ပို့ပေးပါသည်။ ဧက ၁ဝဝ ခန့် ကျယ်ဝန်းသော မြေနေရာတွင် ပြည်တွင်း၊ ပြည်ပသစ်ခွပန်းမျိုးစုံနှင့် တခြားအပင်များ စုစည်း၍ ပြသထားသည်။ ထို့နောက် ကားနှင့်လှည့်လည်၍ ကြည့်ရှုရာ နိုင်ငံပေါင်းစုံမှ အဆောက်အအုံပုံစံများကို ပြသထားပါသည်။ ဥပမာ- ဂျပန်ရိုးရာ အိမ်ပုံစံများ၊ အိန္ဒိယလူမျိုးတို့၏ ရှေး လက်ရာ အိမ်အသုံးအဆောင် အခင်းအကျင်းများ၊ ပြင်သစ်၊ အီတလီ၊ အမေရိကန်၊ ရုရှား စသော နိုင်ငံကြီးများ၏ ခံ့ညားထည်ဝါသည့် အဆောက်အအုံပုံစံများကို စိတ်ဝင်စားဖွယ် နမူနာဆောက်လုပ်ပြသထားပါသည်။

ထိုမှတစ်ဖန် Tangshan Planning Exhibition Hall သို့ လေ့လာခဲ့ရာ Tangshan သည် တရုတ်နိုင်ငံ၏ မြို့တော်တစ်ခုဖြစ်ပြီး ဘေဂျင်း ၊ တိုင်ဂျင်း နှင့် ဟာဘေး ၏အလယ်တွင် တည်ရှိခဲ့ပြီး ခေတ်မီ စက်မှုမြို့တော်တစ်ခုဖြစ်သည်။ ၁၉၇၈ ခုနှစ်က မြေငလျင်ဒဏ်ခံခဲ့ရပြီး သူတို့၏စိတ်ကူးအိပ်မက်အတိုင်းမဖြစ်၊ ဖြစ်အောင် အကောင်အထည်ဖော်ရန် နှစ်အလိုက်စီမံကိန်းများ ရေးဆွဲချမှတ်ထားသည်ကို တွေ့ရ၏။ Happy Planning, Happy Life ဟူသည့်စကားအတိုင်း ငလျင် ဒဏ်ခံပြီး နှစ်ပေါင်း ၄ဝ အတွင်းကြီးမားထည်ဝါ ခံ့ထည်သော အဆောက်အအုံ၊ စက်ရုံများ၊ ကုန်တိုက်များ ပေါ်ထွန်းလာခဲ့ပုံမှာ အားကျစရာကောင်းပါသည်။

ညနေ ၆း၃ဝ တွင် Hotel Grand Room တွင် ရွှေကြက်ဖ ရုပ်ရှင်ပွဲတော်လာ နိုင်ငံခြား ရွှေဧည့်သည်များ ကြိုဆိုပွဲနှင့် ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။တရုတ်ပြည် ရုပ်ရှင်အသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်လူကြီးများက ဧည့်သည်များအား တရင်းတနှီး နှုတ်ဆက်ကြိုဆိုစကား ပြောခဲ့ပါသည်။ မြန်မာဇာတ်ကား “နှလုံးသား ဖြင့် ပြုလုပ်သည်” ကို Made in Heart ဟု အမည်ပေးထားပြီး ၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်တွင် Auditorium 5, CGV Interna-tional Cinema တွင် ပြသခဲ့ပါသည်။ ထိုဇာတ်ကားသည် ကျွန်မတို့ မြန်မာပြည်တွင် ပြေတီဦး၊ ဇင်ဝိုင်း၊ ဝတ်မှုံရွှေရည် စသော သရုပ်ဆောင်များ အကယ်ဒမီရရှိကြောင်း ပြောပြခဲ့ပါသည်။ မြန်မာဇာတ်ကားကို ကြည့်ရှုသူတို့၏ တုံ့ပြန်စကားမှာ မြန်မာ ရုပ်ရှင်သရုပ်ဆောင်များ၏ သရုပ်ဆောင်မှုများမှာ အားပါးတရနှင့် ပီပီပြင်ပြင်ရှိပြီး သူတို့ရင်ဘတ်ထဲ အထိရောက်အောင် ခံစားရကြောင်း၊ မြန်မာဇာတ်ကား၏ လိုအပ်ချက်မှာ ကင်မရာ၊ အသံ၊ အထူးပြုလုပ်ချက် နည်းပညာ စသော စက်မှုပညာပိုင်း အားနည်းခြင်း၊ နေရာဒေသရှုခင်းများ အားနည်းခြင်းတို့ဖြစ်သည်ဟု ကြားသိခဲ့ရပါသည်။ (၂၃-၉-၂ဝ၁၆) တွင် ဧည့်သည်တချို့က Local Sight Seeing ထွက်ပြီး တချို့က နည်းပညာဆိုင်ရာ ဟောပြောပွဲများသို့ တက်ရောက်လေ့လာ ဆွေးနွေးကြသည်။

ညနေ ၆း၃ဝ တွင် ရွှေကြက်ဖ ရုပ်ရှင်ပွဲတော်တွင် ပြသခဲ့သော နိုင်ငံခြား ဇာတ်ကားများ၏ ထူးချွန်ဆုများ ချီးမြှင့်ပွဲနှင့် ရွှေကြက်ဖရုပ်ရှင်ပွဲတော်ပိတ်ပွဲကို CGV Cinema တွင် ကျင်းပပါသည်။ CGV Cinema သည် Tangshan မြို့ထဲရှိ ကုန်တိုက်ကြီး တစ်တိုက်၏ စတုတ္ထထပ်တွင်ရှိပြီး ရုပ်ရှင်ရုံ၏အကျယ်အဝန်း ၄၇ဝဝ Square Meters တွင် ရုပ်ရှင်ကြည့်ရန်အတွက် ရုံ ၉ ရုံရှိသည်။ 5D, 4D ကြည့်နိုင်သော ရုံများ၊ အထူးဧည့်သည်များ နားနေခန်း၊ ကလေးကစားသော ကစားကွင်း နေရာ၊ အစားအသောက်ရောင်းချသော ဆိုင်များရှိလေသည်။ ၂၅ ကြိမ်မြောက် ရွှေကြက်ဖ ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားအဖြစ် အစ္စရေး နိုင်ငံ ဒါရိုက်တာ Dan Wolman ရိုက်ကူးသော Love Story ဇာတ်ကားကရရှိပြီး ဒါရိုက်တာဆုကိုလည်း ရရှိပါသည်။

အကောင်းဆုံးမင်းသားဆုကို အီတလီမှ Youth ဇာတ်ကားတွင် ပါဝင်သော မင်းသား Michacle Caine က ရရှိပြီး အကောင်းဆုံးမင်းသမီးဆုကို Greece နိုင်ငံမှ ရိုက်ကူးသော Lorbstar ဇာတ်ကားမှ မင်းသမီး Colin Ferrell က ရရှိပါသည်။ (၂၄-၉-၂ဝ၁၆) ညနေ ၆း၃ဝ အချိန်မှာ Red Carpet Show နှင့် အကယ်ဒမီပွဲကို ကျင်းပ၍ ၂၅ ကြိမ် မြောက် ရွှေကြက်ဖရုပ်ရှင်ပွဲတော် ပိတ်ပွဲကိုကျင်းပပါသည်။ အကယ်ဒမီပွဲမှာ ကြီးကျယ်ခမ်းနားသည်။ သူများနိုင်ငံ၏ ကြီးကျယ်ခမ်းနား ပျော်ရွှင်စရာကောင်းသော အကယ်ဒမီပွဲကို ကြည့်ရှုခံစားရပြီး ကျွန်မတို့၏ အကယ်ဒမီပွဲကိုလည်း ဤကဲ့သို့ ကြီးကျယ်ခမ်းနားအောင် ပြုလုပ်နိုင်ရန်ဆိုပြီး အကယ်ဒမီစင်မြင့် တည်ဆောက်ပုံများကို ဓာတ်ပုံ ရိုက်ယူခဲ့ကြပါသေးသည်။ အကယ်ဒမီပွဲအပြီး ည ၁၂ နာရီတွင် ဟိုတယ်မှ Check Out လုပ်၍ ပြန်လာခဲ့ရာ မြန်မာပြည်သို့ ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြန်လည်ရောက်ရှိခဲ့ပါ သည်။

တက္ကသိုလ် ယဉ်ယဉ်လဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here