မင်းကွန်းဆရာတော် ဘုရားကြီး သက်တော် ၁ဝ၅ နှစ်ပြည့် အထိမ်းအမှတ် စာအောင် ဆုနှင်းသဘင် ကျင်းပမည်

0
457

mdy-news-2(မန္တလေး၊ နိုဝင်ဘာ ၇)

ပထမ တိပိဋကဓရ မင်းကွန်း ဆရာတော် ဘုရားကြီး၏ သက် တော် ၁ဝ၅ နှစ်ပြည့် မွေးနေ့ အထိမ်း အမှတ် စာအောင်ဆုနှင်း သဘင် အခမ်းအနားကြီးကို နိုဝင်ဘာ ၁ဝ ရက်နေ့တွင် မင်းကွန်းတောင်ရိုး မင်းကွန်း တိပိဋကဓမ္မနာဒ ကျောင်း တိုက်၌ ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

”တန်ဆောင်မုန်းလဆန်း ၁၁ ရက် ဆိုတာက ဆရာတော်ကြီးရဲ့ မွေးနေ့လည်း ဖြစ်ပါတယ်။ အဲဒီမှာ ဆရာတော်ကြီး ကိုယ်တိုင် သာသ နာနုဂ္ဂဟပြုစု ပျိုးထောင်ခဲ့တဲ့ အတွက် ဆရာတော်ကြီးရဲ့မွေးနေ့ မှာ အထိမ်းအမှတ် အဖြစ် စာသင် သား ရဟန်း သာမဏေနဲ့ သီလ ရှင်တွေကို သာသနာ နုဂ္ဂဟစာ မေးပွဲကြီး ဆိုပြီးတော့ နှစ်စဉ် နှစ်တိုင်း ကျင်းပလာတာ အခုဆိုရင် ၄၉ ကြိမ် ရှိပါပြီ။ စာပြန်တော်စာ မေးလျှောက် ဖြေဆိုကြတာပေါ့၊ အောင်မြင်တဲ့ သူတွေကို စာအောင် ဆုနှင်းသဘင် နဲ့ ချီးမြှောက်တာပါ” ဟု အဆိုပါ ကျောင်းတိုက်မှ ဆရာ တော် ဦးကေသရက ပေါ်ပြူလာ နယူးစ်သို့မိန့်သည်။

စာမေးပွဲကို မူလတန်း မူကြို တန်း၊ အငယ်တန်း၊ အလတ်တန်း မှသည် ဓမ္မာစရိယတန်း အထိ သတ်မှတ်ထားပြီး စာသင်သား အပါး တစ်ရာကျော် ဝင်ရောက် ဖြေဆိုရာမှ အောင်မြင်သူ ၁ဝ၅ ပါးအတွက် ချီးမြှောက် ပူဇော်မည့် ဆုနှင်းသဘင် အခမ်းအနား လည်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာအောင် ဆုနှင်း သဘင် အခမ်းအနားကြီးသို့ရပ်ဝေး ရပ်နီးမှ သာသနာ ချီးမြှောက်လိုသူ များလည်း သွားရောက် လှူဒါန်းနိုင် မည်ဖြစ်ပြီး ကိုယ်တိုင် သွားရောက် လှူဒါန်းရန် အခက်အခဲ ရှိသူများ အနေနှင့် တိပိဋကဓမ္မနာဒရေ ဆွမ်း ဆေး အလှူတော်အဖွဲ့ ဖုန်းနံပါတ် ဝ၉၆၈ဝ၄၆ဝ၆ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်းသိရသည်။

ကျေးဇူးတော်ရှင် ပထမ တိပိ ဋကဓရ မင်းကွန်းဆရာတော် ဘုရားကြီး ဘဒ္ဒန္တဝိစိတ္တသာရာဘိ ဝံသကို မြန်မာနှစ် ၁၂၇၃ ခုနှစ် တန်ဆောင်မုန်း လဆန်း ၁၁ ရက်၊ ခရစ်နှစ် ၁၉၁၁ ခုနှစ် နိုဝင်ဘာ ၁ ရက် (ဗုဒ္ဓဟူးနေ့) က မန္တလေး တိုင်းဒေသကြီး မြင်းခြံမြို့နယ် ကျည်းပင်ကျေးရွာ၌ ခမည်းတော် ဦးဆုံ၊ မယ်တော် ဒေါ်ဆင်တို့က ဖွား သန့်စင်ခဲ့သည်။

၁ဝ နှစ်သား အရွယ်တွင် မြင်း ခြံမြို့ မင်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသောဘိတ ထံ၌ မယ်တော်၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေ ဖြစ်တော်မူပြီး ရှင်ဝိစိတ္တသာရ သာမဏေ ဘဝဖြင့် ပထမငယ်၊ ပထမလတ်တန်း ထိုမှ တစ်ဆင့် ရဟန်း ဖြစ်တော်မူခဲ့ပြီး နောက်ပိုင်း လည်း သာသနာတော် ဆိုင်ရာ အဆင့်ဆင့် ဘွဲ့ထူး ဂုဏ်ထူးများ ဆက်ကပ်ခံ ခဲ့ရသည်။

လောကီလောကုတ္တရာ အကျိုး ဆောင်ရွက် တော်မူရင်း တစ်ဖက် ကလည်း သာသနာပြုလုပ်ငန်းများ ဆက်လက် လုပ်ဆောင်တော် မူခဲ့ကာ သာသနာတော် ဆိုင်ရာ အမြင့်ဆုံး ဘွဲ့တစ်ခု ဖြစ်သော တိပိဋကဓရဓမ္မ ဘဏ္ဍာဂါရိက ဘွဲ့တံဆိပ် ဆက်ကပ် ခံခဲ့ရသည်။

မြန်မာနိုင်ငံ ထေရဝါဒ ဗုဒ္ဓ သာသနာတော်တွင် ဆဌသင်္ဂါယ နာ၌ သံဃာ့ ဦးဆောင် ဆရာတော် တစ်ပါး အဖြစ် တာဝန်ယူ ဆောင် ရွက်တော်မူခဲ့သည့် မင်းကွန်း ဆရာတော် ဘုရားကြီးသည် ၁၃၅၄ ခုနှစ် တပို့တွဲလပြည့်ကျော် ၃ ရက် ခရစ်နှစ် ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီ ၉ ရက် အင်္ဂါနေ့ ညနေ ၄ နာရီ ၄ဝ မိနစ် သက်တော် ၈၂ နှစ်၊ ဝါတော် ၆၂ ဝါတွင် မင်းကွန်းဓမ္မနာဒ ကျောင်းတိုက်၌ ဘဝနတ်ထံ ပျံလွန် တော်မူခဲ့သည်။

စောထွေး


LEAVE A REPLY

Please enter your comment!
Please enter your name here