သင်ဆရာ မြင်ဆရာကြီးများနဲ့ အတူ မြန်မာသံ စစ်စစ်တွေပဲ ဖျော်ဖြေမယ့် နီနီဝင်းရွှေ ရဲ့ပွဲ

0
151

ni-ni-win-shwe-2

အမေရိကမှာ နေထိုင်လျက်ရှိတဲ့ အဆိုတော် နီနီဝင်းရွှေ က ဒီဇင်ဘာလ ၉ ရက်နေ့က မြန်မာပြည်ကို ခေတ္တပြန်လည်ရောက်ရှိလာခဲ့ပြီး ဂန္တဝင် ဂီတပညာရှင်ကြီးများနဲ့အတူ မြန်မာသံ ဂီတပွဲကြီးတစ်ခု ပြုလုပ်တော့မှာဖြစ်ပါတယ်။ နီနီဝင်းရွှေရဲ့ ဒီတစ်ခေါက် ဖျော်ဖြေပွဲကတော့ တစ်ကိုယ်တော်အနေနဲ့ ဒုတိယအကြိမ်ဖြစ်ပြီး ဒီတစ်ခေါက်မှာတော့ မြန်မာ့ဂန္တဝင်ဂီတ၊ မြန်မာသံသီချင်းများနဲ့ အထူးတင်ဆက်မယ့်ပွဲလည်း ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၃ဝ ရက်နေ့  အမျိုးသားကဇာတ်ရုံမှာ ကျင်းပမယ့် နီနီဝင်းရွှေရဲ့ပွဲမှာတော့ ဦးမင်းနောင်၊ ဦးမောင်မောင်ကြီး၊ ဖိုးသောကြာ၊ ဖြိုးပြည့်စုံ၊ ထွန်းကိုကို၊ မိုးကျော်လှိုင်၊ တင်တင်မြ၊ ထား၊ အေဝမ်းတင်တင်လှ၊ အကယ်ဒမီ ချိုပြုံး၊ ရီရီသန့်၊ တက္ကသိုလ်လဲ့လဲ့၊ ကော်နီ တို့နဲ့အတူ စန္ဒရားကွန်းဇော်ဦးစီးတဲ့ မြန်မာမှုဂီတအဖွဲ့က တီးခတ်သွားမှာဖြစ်ပါတယ်။

ဒီပွဲကို သီဆိုရတာဟာ အခြားပွဲတွေနဲ့ မတူတဲ့ ဝမ်းသာပီတိဖြစ်မှုမျိုး ခံစားရပါတယ်ဆိုတဲ့ နီနီဝင်းရွှေက ” နီနီပွဲပေါင်းများစွာ ဆိုဖူးပါတယ်။ ဒါပေမဲ့ ဒီပွဲကတော့ တခြားပွဲတွေနဲ့မတူဘဲ ပိုပြီးတော့ ဝမ်းသာ ပီတိဖြစ်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဂန္တဝင်ဂီတပညာရှင်ကြီးများအားလုံးဟာ နီနီရဲ့ ဂီတသင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဆိုတာထက် နီနီ့ရဲ့ မိခင်၊ ဖခင်တွေလိုပါပဲ။ ဒီအနုပညာရှင် ကြီးတွေရဲ့သွန်သင်ဆုံးမမှုများနဲ့ ကြီးပြင်းလာတဲ့ အဆိုတော်တစ်ယောက်ပါ။ အခု ဒီပွဲလေးကိုလည်း နီနီကိုယ်တိုင် သီဆိုချင်တဲ့အတွက် စီစဉ်တာပါ။ နီနီက အဝေးမှာနေထိုင်သူဖြစ်တဲ့အတွက် ဒီမှာရှိတဲ့ အစ်မတွေ၊ ညီမတွေက ကူညီကြပါတယ်။ ဂနÄဝင် ဂီတပညာရှင်ကြီးတွေလည်း ပါဝင်သီဆိုပေးမယ် ဆိုတော့ ဝမ်းသာပါတယ်။ ဒီပွဲမှာတော့ မြန်မာသံစဉ်တွေကိုပဲ အဓိက ဆိုသွားမှာပါ။ ရှေ့မှာ တစ်ပွဲလုပ်ခဲ့တာက စတီရီယို သီချင်းလေးတွေနဲ့ မြန်မာသံသီချင်းလေးတွေ မျှသီဆိုဖြစ်တယ်။အခုပွဲကတော့ မြန်မာသံသီးသန့်ပါပဲ။ လောလောဆယ်တော့ သီချင်းပုဒ်ရေ ၃ဝ၊ ၄ဝ လောက် ရွေးထားတယ်။ စုံတွဲအနေနဲ့လည်း လူကြီးတွေနဲ့ရော၊ လူငယ်တွေနဲ့ရောတွဲဆိုသွားမှာပါ” လို့ ပြောပါတယ်။ နီနီဝင်းရွှေက အမေရိကမှာ နေထိုင်စဉ်မှာလည်း ဂီတနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုအနေနဲ့ မြန်မာများနဲ့ သက်ဆိုင်တဲ့ ပွဲလမ်းသဘင်တွေမှာတော့ သီချင်းဆိုဖြစ်တယ်လို့လည်း သိရပါတယ်။

” ဟိုမှာတော့ Family Life ပါပဲ။ နီနီ့မှာ သမီးလေးတစ်ယောက် ရှိတယ်။ ၁၃ နှစ်ရှိပြီ။ သူ့ရဲ့ဝေယျာဝစ္စတွေနဲ့ ကျောင်းပို့၊ ကျောင်းကြို ကိစ္စတွေရှိတယ်။ အိမ် အလုပ်တွေရောပေါ့။ သီချင်းဆိုဖြစ်သလားဆိုတော့ ဟိုမှာ မြန်မာအဖွဲ့အစည်းတွေ ရှိကြတယ်လေ။ သူတို့ရဲ့ ပွဲလမ်းသဘင်လေးတွေမှာတော့ သီချင်းဆို ဖြစ်ပါတယ်” လို့ နီနီဝင်းရွှေ က ပြောပါတယ်။ နီနီဝင်းရွှေ က သူမနဲ့အတူ ဂန္တဝင် ဂီတပညာရှင်များရဲ့ပွဲကို ဒီဇင်ဘာလ ၃ဝ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး ဇန်နဝါရီ လဆန်းမှာတော့ အမေရိကကို ပြန်သွားမှာဖြစ်ကာ ၂ဝ၁၇ ခုနှစ်ထဲမှာပဲ မြန်မာပြည် ကို ထပ်မံပြန်လာဖို့ ရှိသေးတယ်လို့လည်း သိရပါတယ်။ နီနီဝင်းရွှေရဲ့ ဂီတဖျော်ဖြေပွဲ လက်မှတ်များကိုတော့ VIP ၊ ၃ဝဝဝဝကျပ်၊ ၂ဝဝဝဝကျပ်၊ ၁ဝဝဝဝ ကျပ်၊ ၇ဝဝဝ ကျပ်သတ်မှတ်ထားပြီး မန်းသီရိတေးသံသွင်းနဲ့ MMTix Ticket Hotline တို့မှာ ဝယ်ယူရရှိနိုင်ကြောင်း သိရပါတယ်။

ရဲရဲ၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here