ကလေးသူငယ် ပြုစုထိန်းသိမ်းစောင့်ရှောက်မှုနှင့် ကလေးသူငယ်တို့ အရည်အသွေး မြှင့်တင်ပေးမှု

0
201

drkat

အကယ်ဒမီ သက်မွန်မြင့်၏ ရင်သွေး အားချစ် အား ပြုစုထိန်းသိမ်းစောင့်ရှောက်နေသည့်
မိသားစုဆရာဝန် ပါမောက္ခ ဒေါက်တာကေသီထွန်းနှင့် တွေ့ဆုံခြင်း

ယခင်အပတ်မှအဆက်

ဆရာမကြီးအနေနဲ့ နိုင်ငံကျော် မင်းသမီးရဲ့ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ရတာနဲ့ ဆယ်လီ မဟုတ်တဲ့ သာမန်ကလေးတွေကို စောင့်ရှောက်ကုသရတာနဲ့ ကွာခြား ချက်ကလေးတွေကို ပြောပြပေးပါဦး။

တကယ်တော့ ကျွန်မတို့ဆရာ ဝန်တွေက ကလေးတစ်ယောက်ကို ကြည့်ရှုစောင့်ရှောက်တဲ့အခါမှာ ကလေးရဲ့ ကျန်းမာရေးအနေအထား ကို ဂရုစိုက်ပေးတာကတော့ အားလုံး အတူတူပါပဲ။ ဆယ်လီဖြစ်တဲ့အတွက် သူတို့လာတဲ့အချိန်မှာ ပတ်ဝန်းကျင် က သတိထားမိတယ်။ သူတို့ကိုတွေ့ ရင် ကျန်တဲ့လူနာတွေ၊ လူနာမိဘ တွေကအစ ပျော်ရွှင်ကြတယ်။ ဒါပေမဲ့ ကျွန်မတို့ နဲ့တွေ့တဲ့အခါ သူတို့သည်လည်း သူတို့ကလေးရဲ့ ကျန်းမာရေးကို ကျွန်မတို့က အပြည့်အဝ တာဝန် ယူတယ်ဆိုတဲ့ လုံခြုံမှုတစ်ခုကို သူတို့ကရချင်တာ။ ဒါလေးကိုလည်း ကျွန်မတို့ဆရာဝန် တွေဘက်က သတိထားဖို့လိုပါတယ်။ လိုတာထက် ပိုပြီးတော့မှ သူ့ကို မင်းသမီးဆိုတော့ ချစ်ခင်စရာ ကောင်းတယ်ဆိုတဲ့စိတ်နဲ့ အဲဒီအချိန်မှာ ဒီကလေးနဲ့ ပတ်သက် တဲ့ အာရုံတွေ လျော့မသွားအောင် ကျွန်မတို့က ပိုပြီးဂရုစိုက်ဖို့လိုပါတယ်။ နောက်တစ်ခုက ဒီကလေး တစ်ခုခု နေထိုင်မကောင်းဖြစ်တယ်ဆိုရင် မီဒီယာ လောကတွေက ရှိနေတဲ့အခါ ကျတော့ စိတ်ပူပြီးတော့ လူတွေက ” ဟာ အဖျားမကျသေးဘူးလား၊ သက်သာပါ့မလား၊ ဘယ်ဆရာဝန်နဲ့ ပြသလဲ၊ ဟုတ်မှ ဟုတ်ပါ့မလား” စသဖြင့်ပေါ့။ ဒါမျိုးတွေလည်း လူ့သဘာဝအရ ဝေဖန်တာတွေ လည်းရှိတယ်။ အဲဒါကြောင့်မို့လို့ ဒီကလေးတွေ နေမကောင်းဖြစ်ရင် တော့ ကျွန်မတို့က မိဘတွေကို အစအဆုံး နားလည်သဘောပေါက် တဲ့အထိ ရှင်းပြတယ်။ အဖျားကတော့ ဘယ်အချိန်ထိ တက်ဦးမယ်။ ဒီဆေး ကတော့ ဒီအချိန်မှာ ဒါအတွက် သောက်ဖို့ပေးတာ စသဖြင့် ပြောပြထားတယ်။ တခြားကလေးမိဘ တွေလည်း ဒီအတိုင်းပဲ ပြောပါတယ်။ သူတို့က ကျွန်မတို့ပြောလိုက်တဲ့ စကားအတိမ်အနက်ကို မိဘတွေ တကယ် သဘောပေါက်ရဲ့လား ဆိုတာပေါ့နော်။ ဒါဆိုရင် သူတို့ ကလေးကို ကောင်းကောင်းမွန်မွန် ပြုစုထားတယ်။ ကလေးအတွက် အကောင်းဆုံး စဉ်းစားထားတယ်။ ဒီအဆင့်နဲ့ မသက်သာရင် နောက် တစ်ဆင့် ဘာလုပ်ပေးမယ်ဆိုတာ သူတို့ ကြိုသိထားမယ်။ ကျွန်မတို့က ကြိုကြိုတင်တင် ဆောင်ရွက်ကြိုးစား ပြီးတော့ လုပ်ပေးဖို့လိုပါတယ်။ အဲဒီတော့ ဆရာဝန်တွေ အားလုံးရဲ့ လူနာ အပေါ်မှာထားသင့်တဲ့ စိတ်ဓာတ်က ဘာလဲဆိုတော့ လူနာဟာ ကျွန်မတို့ရဲ့ ဗဟိုချက်ပဲ။ ချမ်းသာတဲ့လူနာပဲ ဖြစ်ဖြစ်၊ ဆင်းရဲတဲ့လူနာပဲဖြစ်ဖြစ် ဒီကလေးကို နေကောင်းသွားအောင် အကောင်းဆုံး ဘာလုပ်ပေးမလဲဆိုတာက အရေးကြီးပါတယ်။ ဒီဘက်ပိုင်းမှာ ကျွန်မတို့ဆီမှာလည်း နိုင်ငံကျော် တွေရဲ့ သားသမီးလေးတွေ လာပြတာလေးတွေရှိပါတယ်။ အဲဒီမှာလည်းပဲ ကျွန်မတို့က သူတို့ကို ကလေးအတွက် ဘာလုပ်ပေးမယ်ဆို တာရယ်၊ ကလေးဟာ တစ်စုံတစ်ခု ပိုမသက်သာတာဖြစ်သွားရင်လည်း ဆန္ဒစောပြီးတော့ လိုတာထက်ပိုပြီး စိုးရိမ်မှုမရှိဖို့ရယ် ဒါလေးတွေကို ဦးစားပေးဆွေးနွေး ပြောပြဖြစ်တယ်။

ကျန်းမာတဲ့ ကလေးတစ် ယောက်ဖြစ်ဖို့ မိဘနဲ့ပတ်ဝန်းကျင်ရဲ့ ပြုစုစောင့်ရှောက်မှု လိုအပ်ချက်လေး တွေနဲ့ ကလေးတွေ ကျန်းမာရေး အတွက် မိဘတွေကို အကြံပြုချက်နဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်တဲ့ အခါမှာ ဆောင်ရန်၊ ရှောင်ရန် အတွက်ဆရာမကြီးရဲ့ အကြံပြုချက် လေး ပြောပြပေးပါဦး။

အခုခေတ်မှာ ကျွန်မတို့အားလုံး ရဲ့ အနေအထားက အဖေနဲ့ အမေ လည်း အလုပ်လုပ်ရတာဖြစ်ချင် ဖြစ်မယ်။ အဲဒီလိုဆိုရင်တော့ သေချာ စီစဉ်ပြင်ဆင်ထားဖို့ လိုပါတယ်။ ကလေးအနားမှာ ဘယ်သူရှိမှာလဲ ဆိုတာကို သေသေချာချာ စဉ်းစားဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ကလေးကို ပြုစုစောင့်ရှောက်ရမယ့် ကာလကလည်း ချူချာလွယ်တဲ့၊ ကူးစက်ခံရလွယ်တဲ့ ရောဂါတစ်ခုဖြစ် ရင် ပြင်းထန်သွားနိုင်တဲ့ ပထမ ၂ နှစ်အရွယ်ပေါ့။ အဲဒီအရေးကြီးဆုံး ကာလတွေမှာ ကျွန်မတို့လုပ်ငန်း သဘာဝ ရွေးချယ်တတ်ဖို့လိုပါတယ်။ နောက်တစ်ချက်က အိမ်မှာ ဆွေမျိုး သားချင်းထဲကပဲဖြစ်ဖြစ် စိတ်ချရတဲ့ ကလေးထိန်းပဲဖြစ်ဖြစ် ထားနိုင်တာ မျိုးလေးတွေလည်း ဂရုစိုက်ပြင်ဆင် ဖို့ လိုပါတယ်။ ကလေးကို နေရင် ပြီးရောဆိုပြီးတော့ iPad လိုမျိုးလေး ဖွင့်ပေးထားလိုက်တာမျိုး၊ ဂိမ်းတွေ ထဲ မြှုပ်ထားလိုက်တာမျိုးတွေက တအားအန္တရာယ်ကြီးပါတယ်။ သူ သေချာသင်ယူရမယ့် သူ့အတွက် လုံလောက်တဲ့ နှိုးဆော်မှုလိုတဲ့ ပတ်ဝန်းကျင်ကို မဖန်တီးပေးဘဲနဲ့ ဒီစိတ်ကူးယဉ်တဲ့၊ လိုတာထက်ပိုပြီး စိတ်ကိုနှိုးဆော်တတ်တဲ့ အာရုံတွေ ကြားမှာ ကလေးကိုမထားသင့်ပါဘူး။ ကလေးရဲ့ ၂ နှစ်တာကာလအတွင်း ပတ်ဝန်းကျင်ကနေ သင်ယူစရာတွေ၊ စူးစမ်းစရာတွေ အများကြီးလျော့ သွားမှာဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ကလေးကို စောင့်ရှောက်ပေးမယ့် သူတွေရဲ့ အရည်အသွေးက အရေးကြီးပါတယ်။ နောက်တစ်ခုက အဖေရယ်၊ အမေရယ်၊ ကလေးရယ်သုံးယောက်တည်း ဆွေမျိုးတွေဆီ သွားလည်ကြမယ်၊ ကစားကွင်း၊ ပန်းခြံ သွားကြမယ် စသဖြင့် အဲဒီလို အခြေအနေလေးတွေလည်း ဖန်တီးပေးဖို့ လိုပါတယ်။ မိဘတွေရဲ့လုပ်ငန်းခွင်ထဲ မလိုအပ်ဘဲ ကလေး ကို ခေါ်မသွားသင့်ပါဘူး။ နောက် တစ်ခုက ကလေးနေထိုင်မကောင်း ဖြစ်လာပြီဆိုရင်တော့ အဖေသော်လည်းကောင်း၊ အမေသော်လည်း ကောင်း ပထမ စိတ်မချရသေးတဲ့ ၄၈ နာရီ အနားမှာ တိတိကျကျ ဂရုတစိုက် ပြုစုဖို့လိုပါတယ်။ ဖြစ် တတ်တာက ကလေးထိန်းကို ကျွန်မတို့က ကလေးကို ဆေးတိုက်ဖို့ တိုက် မယ့်ဆေးနဲ့ တိုက်ရမယ့်အချိန် ပြော လိုက်တယ်။ ကလေးထိန်းကလည်း ကောင်းကောင်းနားမထောင်သွားဘူး။ ကလေးအမေကလည်း ကလေးထိန်း တိုက်မယ်ထင်သလို ကလေး ထိန်းကလည်း သူတိုက်လို့မရဘူးဆိုပြီး ကလေးအမေ ညနေပြန်လာမှ တိုက်လိမ့်မယ် ယူဆမယ်။ အဲဒီတော့ နေ့လယ်တိုက်ရမယ့် ဆေးက လွတ် သွားမယ်။ ဒါတွေက ဖြစ်လေ့ဖြစ်ထရှိ တဲ့ သဘောပေါ့။ ဆေးပတ်မလည်တဲ့ အခါမှာ အထူးသဖြင့်က အဆုတ်ရောင် ရောဂါလိုမျိုးမှာ ငါးရက် လောက်နဲ့ပျောက်မယ့်နေရာမှာ နှစ်ပတ်လောက်ကြာသွားမယ်။ ကလေးမှာ ချောင်းဆိုးချွဲထစွဲသွား တယ်။ အဲဒါကြောင့် ဒါမျိုးလေးတွေ သတိထားဖို့ လိုပါတယ်။

ဆက်လက်ဖော်ပြပါမည်။


LEAVE A REPLY

Please enter your comment!
Please enter your name here