ရန်ကုန်ပွဲခွင်တွေနဲ့ ဇာတ်အဖွဲ့များ

0
195

swan

အခုနှစ် ဇာတ်သဘင်ရာသီရဲ့ ရန်ကုန်ပွဲခွင်တွေမှာ ကပြကြမယ့်ဇာတ်အဖွဲ့တွေ ပိုမိုများပြားလာတာကို တွေ့မြင် ရမှာဖြစ်ပါတယ်။ ဇာတ်အဖွဲ့တွေအနေနဲ့ကလည်း ဇာတ်သဘင် ရာသီမစခင်ကတည်းက ကြိုတင်ပြင် ဆင်မှုတွေကို လုပ်ဆောင်လျက်ရှိကြပါတယ်။ ဒီလို ကြိုတင်ပြင်ဆင်မှုတွေထဲမှာ ကပြတင်ဆက်မှု အသစ်တွေအတွက် ကြိုတင်အကတိုက်ကြခြင်း၊ စတိတ်ဒီဇိုင်းတွေကို ပိုမိုခံ့ညားလာအောင် ဆက်တင်ပစ္စည်းတွေထပ်ထည့်ခြင်းတို့ကိုလည်း လုပ်ဆောင်ကြလေ့ ရှိပါတယ်။

ဒါကြောင့်လည်း ပရိသတ်တွေအနေနဲ့ ဇာတ်အဖွဲ့တွေရဲ့တင်ဆက်မှုတွေကို တစ်နှစ်ထက် တစ်နှစ်မတူကွဲပြားလာမှုတွေကို မြင်တွေ့ကြည့်ရှု ကြရတာပဲဖြစ်ပါတယ်။ ရန်ကုန်ပွဲခွင်တွေမှာ တောက်လျှောက် ကပြတော့မယ့် တင်မောင်ဆန်း မင်းဝင်းရဲ့ ရွှေမန်းသဘင် ဇာတ်အဖွဲ့ကတော့ ဒီဇင်ဘာလ ၂၃ရက်နေ့ကနေ ၂၆ ရက်နေ့အထိ သာကေတ ဇိနမာန်အောင်ဘုရားပွဲ၊ ဒီဇင်ဘာလ ၂၈ရက်နေ့မှ ဇန်နဝါရီလ ၁ရက်နေ့အထိ အင်းစိန် အောင်ဆန်းရာပြည့်ကွင်း၊ ဇန်နဝါရီလ ၅ ရက်နေ့မှ ၈ရက် နေ့အထိ တောင်မြောက်လမ်းဆုံ၊ မြို့ဦးစေတီဘုရားပွဲတို့မှာ ကပြ ဖျော်ဖြေမှာဖြစ်ပါတယ်။ တင်မောင်ဆန်းမင်းဝင်းနဲ့အတူ သားဖြစ်သူ မင်းရွှေရောင်တင် (ခ)ပူတူးကလည်း ပါဝင် ဖျော်ဖြေတင်ဆက် ပေးမှာဖြစ်တယ်လို့သိရပါတယ်။ မြို့ရွှေမန်းသားဖိုးချစ်ကတော့ ဒီဇင်ဘာလ၂၁ရက်နေ့မှ ၂၅ရက်နေ့အထိ တောင်ဥက္ကလာပမြို့နယ်၊ အာနန္ဒာ ဘုရားမှာကပြခဲ့ပြီး ဒီဇင်ဘာ၂၉မှ ၃၁ရက်နေ့အထိ ကန့်ဘလူမြို့အနီးကျွန်းလှမှာ ကပြမှာဖြစ်တယ်လို့ သိရပါ တယ်။ ဟန်ဇာမိုးဝင်း၊ တင်ဇာမိုးဝင်း၊ အဂ္ဂါမိုးဝင်း တို့ မောင်နှမသုံးယောက်ရဲ့ စံပြသဘင်ကတော့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကနေ ၂၈ရက်နေ့အထိ သုံးဆယ်မြို့၊ ဒီဇင် ဘာလ ၃ဝရက်နေ့ကနေ ဇန်နဝါရီလ ၁ရက်နေ့အထိ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ၁၃၃ရပ်ကွက်၊ ဇန်နဝါရီလ၄ရက် နေ့ကနေ၆ ရက်နေ့အထိ ငပုတောမြို့နယ်၊ ဇန်နဝါရီလ ၁ဝရက်နေ့ကနေ၁၅ရက်နေ့အထိ မြောက်ဥက္ကလာ ပမြို့ နယ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ သာကေတ၊ ၁ဝ၈တောင်ဘုရားပွဲ၊ ဇန်နဝါရီလ ၂၅ရက်နေ့ ကနေ ၂၉ရက်နေ့အထိ တောင်ဥက္ကလာပ၊ ၇ဆူဘုရား ပွဲတို့မှာ ကပြတင်ဆက်မှာ ဖြစ်ပါတယ်။

” ပရိသတ်တွေအနေနဲ့ တင်ဆက်မှုအသစ်အသစ်တွေကို ကြည့်ရမှာပါ။ မနှစ်ကနဲ့မတူတဲ့ ပြဇာတ်အသစ်တွေကိုလည်း ကြည့်ရမယ်” လို့ စံပြသဘင်မှ ဟန်ဇာမိုးဝင်းက ပြောပါတယ်။ မြိတ်ကနေ ရန်ကုန်ပွဲခွင်တွေဆီ လှမ်းလာခဲ့ပြီဖြစ်တဲ့ စွမ်းကလည်း ဒီဇင်ဘာလ ၂၇ရက်နေ့ကနေဒီဇင်ဘာလ၃ဝ ရက်နေ့ အထိ မြောက်ဥက္ကလာပ မြို့နယ်မှာ ကပြတင်ဆက်မှာ ဖြစ်ပြီး ရန်ကုန်မှာ ၃ လလောက်တောက်လျှောက်ကပြသွားမှာဖြစ် ပါတယ်။

” ကျွန်တော်အသစ်တွေအများကြီး လုပ်ထားပါတယ်။ ကျွန်တော်က တစ်ပွဲကို တစ်ခါလောက် အသစ်လုပ်တာများတယ်။ အမြဲတမ်းတော့ အသစ်အသစ်တွေကို ရှာပါတယ်” လို့ စွမ်းကလည်းသူ့ရဲ့ တင်ဆက်မှုတွေနဲ့ ပတ်သက်လို့ပြောပြပါတယ်။ ဒါ့အပြင် ဇံဟိန်းတို့ကတဲ့ စိန်မဟာသဘင်၊ ရဲမိုးသဘင်တို့ကလည်း ရန်ကုန်ပွဲခွင်တွေမှာ တောက်လျှောက်ကပြလျက် ရှိပါတယ်။ ဒါကြောင့်လည်း ရန်ကုန်ပရိသတ်တွေအနေနဲ့ ကိုယ် ကြိုက်နှစ်သက်ရာ ဇာတ်အဖွဲ့တွေရဲ့ ကပြတင်ဆက်မှုတွေကို တဝကြီး ကြည့်ရှုခံစားနိုင်ကြမှာဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here