ထူးခြားဖြစ်စဉ်များနဲ့ ၂ဝ၁၆ ခုနှစ်အတွက် ပေါ်ပြူလာ အနုပညာသတင်းမှတ်တမ်းများ

0
265

myomhye

၂ဝ၁၆ ဆိုတဲ့ ခရစ်သက္ကရာဇ် အမှတ်အသားတစ်ခုကတော့ အတိတ်ကာလမှာထားခဲ့ပစ်ဖို့ အတွက် ဖြစ်လာခဲ့ပါပြီ။ ဒီကာလမှာ လူသားတွေ ပျော်ရွှင်ကြတယ်။ ဝမ်းနည်းကြတယ်။ အံ့သြကြတယ်။ ထိတ်လန့်ကြတယ်။ ခံစားချက် ပေါင်းများစွာတွေနဲ့ပါ။ နှစ်တစ်နှစ်ရဲ့ Year Ending ပိုင်းကို ရောက် လာတဲ့အခါမှာ မိမိဘာတွေလုပ်ဖြစ်ခဲ့လဲဆိုတာ ပြန်သုံးသပ်တတ်ဖို့ လိုအပ်သလို နောက်တစ်နှစ်အတွက် ဘာတွေလုပ်မလဲဆိုတဲ့ Year Plan တွေ ချထားဖို့လည်းလိုအပ်လှပါတယ်။ ဘယ်လိုပဲဆိုဆို အနုပညာလောကထဲမှာလည်း ထူးခြားဖြစ်စဉ်တွေ များစွာဖြစ်ပေါ်လာခဲ့သလို ပေါ်ပြူလာကတင်ဆက်တဲ့ သတင်း တွေထဲက ထူးခြားဖြစ်စဉ်သတင်း တချို့ကို ၂ဝ၁၆ Year Ending မှာ ပြန်လည် တင်ဆက်လိုက်ပါတယ်။

၂ဝ၁၆ ခုနှစ် မတ်လထဲမှာ ကျင်းပခဲ့တဲ့ ၂ဝ၁၄ ခုနှစ်၊ ၂ဝ၁၅ ခုနှစ် ၂ နှစ်ပေါင်း အကယ်ဒမီပေးပွဲက ထူးခြားခဲ့တယ်လို့ ဆိုရမှာပါ။ ဒီ့ထက်ပိုထူးခြားတာက သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ အရပ်သားအစိုးရသစ်လက်ထက် ကျင်းပခဲ့တာရော၊ မြန်မာ့ရုပ်ရှင် အစည်းအရုံးကနေ ပထမဆုံး ဦးဆောင်ကျင်းပခွင့် ရရှိခဲ့တာရော ကြောင့်ပါ။ အကယ်ဒမီပေးပွဲမှာ ဆုရရှိသူတွေအတွက် ဝမ်းသာဂုဏ်ယူ ကြ၊ မရရှိလိုက်သူတွေအတွက် စုတ်တသပ်သပ်နဲ့ ဖေးမစာနာကြနဲ့ ထူးခြားမှတ်တမ်းဝင်ခဲ့ပါတယ်။

သင်္ကြန်မတိုင်ခင် ဧပြီလ ပထမအပတ်ကစတင်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Navamin 9 Hospital မှာ လိင်အင်္ဂါပြောင်းလဲ ခွဲစိတ်ခြင်း (Transexual) ပြုလုပ်ခဲ့တဲ့ မိတ်ကပ်ပညာရှင် မထက် (Pop-Soul) ရဲ့ သတင်းကလည်း ထူးခြားမှတ်တမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ငွေကျပ်သိန်းတစ်ရာနီးပါး အကုန် အကျခံ ခွဲစိတ်ခဲ့တဲ့ မထက်ကို စိတ်ဝင်တစား စောင့်ကြည့်သူတွေ၊ စိုးရိမ်ပူပန်ပေးကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေထက်မှာ တော်တော်လေး ပျံ့နှံ့ခဲ့ပါ တယ်။ ယုံကြည်မှုရှိရှိနဲ့ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်လိုက်တဲ့ မထက်ဟာ အခုဆိုရင် ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ် တွေလုပ်ကိုင်ရင်း သူမဖြစ်ချင်တဲ့ Shemale Life ကိုလည်း ခံယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

၂ဝ၁၆ ခုနှစ် မတ်လအတွင်းမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုထားတဲ့ အကယ်ဒမီ ယွန်းယွန်း တစ်ယောက် ဇွန်လအောင်စာရင်း ထွက်တဲ့အချိန်မှာတော့ မြန်မာစာ၊ ဇီဝဗေဒ ဂုဏ်ထူး ၂ ခုနဲ့ ထူးထူးချွန် ချွန် အောင်မြင်ခဲ့တာမို့ သူမရဲ့မိဘတွေရော၊ သူမကိုချစ်ခင်အားပေး ကြတဲ့ ပရိသတ်တွေရော ဝမ်းသာ ဂုဏ်ယူခဲ့ကြရပါတယ်။

မြန်မာ့စပါးကြီးမြွေလို့ ခေါ်ကြတဲ့ မြန်မာပြည်ဖွား ကချင်တိုင်းရင်းသား MMA Fighter အောင်လ အန်ဆိုင်းရဲ့ အမိမြေမှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ One Championship ပြိုင်ပွဲတွေကလည်း ပရိသတ်စိတ်ဝင်စားမှုအပြည့် ရှိခဲ့ပြီး ထူးခြားခဲ့တယ် လို့ဆိုရမှာပါ။ ၂ဝ၁၆ ခုနှစ်ရဲ့ သင်္ကြန်မှာ မိချော၊ ကထိန်မှာ ဗိုလ် အောင်ဒင်တို့နဲ့ တစ်နိုင်ငံလုံးပေါက် ခဲ့တဲ့ တေးသံရှင်ကတော့ မန္တလေးသားကြီး မနောပါ။ ရိုးရိုးအေးအေးပုံစံကြီးနဲ့ မြန်မာသံ၊စတီရီယို ပိုင်နိုင်လှတဲ့သူက “အဆင်ပြေတဲ့နေ့” ၊ “ချမ်းမြေ့ပါစေ အမေ” တေးစီးရီးခွေ ၂ခွေထွက် ရှိထားသလို တေးသံရှင်လှိုင်ဦးမော်နဲ့တွဲပြီးလည်း “လက်ချောင်းများ” တေးစီးရီးကိုလည်း ထွက်ရှိထားသူပါ။ မြန်မာတစ်နိုင်ငံလုံး ပေါက်ခဲ့တဲ့ အဆိုတော် မနောကိုလည်း ၂ဝ၁၆ ခုနှစ်ရဲ့ အထူးခြားဆုံး အနုပညာရှင် တစ်ယောက်အဖြစ် မှတ်တမ်းတင် လိုက်ပါတော့တယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here