ဂေါ့ဖ်ပြိုင်ပွဲတွေမှာ ဆုရရှိနေတဲ့ ထွန်းအိန္ဒြာဗိုရဲ့သား အောင်ဗိုကောင်းသန့်

0
115

tunea

ထွန်းအိန္ဒြာဗိုရဲ့သားဖြစ်သူ အသက် ၁၁နှစ်အရွယ်ရှိ ပြီဖြစ်တဲ့ အောင်ဗိုကောင်းသန့်က ဂေါ့ဖ်အားကစားကို ဝါသနာပါသူတစ်ဦးဖြစ်ပြီး ဆုတွေလည်းအများကြီးရရှိနေ တာ တွေ့ရပါတယ်။ လတ်တလောမှာတော့ 11th Junior Golf Myanmar Championship ၂ဝ၁၆ ပြိုင်ပွဲမှာ ပထမဆုကိုရရှိခဲ့ပြီး ဂျပန်-မြန်မာ ချစ်ကြည်ရေး ပြိုင်ပွဲမှာ တော့ ဒုတိယဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ သားဖြစ်သူရဲ့ ဝါသနာနဲ့ပတ်သက်ပြီး မိခင်ဖြစ်သူ ထွန်းအိန္ဒြာဗိုက …

” သူ့ကိုဝါသနာရှင်အနေနဲ့ပဲ ပျိုးထောင်နေတာပေါ့။ သူ့အဖေ ကိုအောင်မင်းထွန်းကတော့သူ့ကိုအများကြီး အားတက်သရော လုပ်ပေးနေပါတယ်။ ကျွန်မက သူ့ဂေါ့ဖ်ကိစ္စနဲ့ ပတ်သက်ရင် ဘာမှကို လှည့်မကြည့်နိုင်ပါဘူး။ ဒီဘက်မှာ အလုပ်ရှုပ်တာလည်းတစ်ပိုင်း ပေါ့။ အားလုံးကတော့ ကိုအောင်မင်းထွန်းရဲ့အိုင်ဒီယာတွေပါ။ ဒီဂေါ့ဖ်ရိုက်ကစားနည်းကို ကစားဖြစ်သွားတာက ငယ်ငယ်တုန်းက ကလေးတစ်ယောက်အနေနဲ့ လုပ်လို့ရတဲ့အားကစား မှန်သမျှ အကုန်လုံးကို ပျိုးပေးကြည့်တာပေါ့။ ဒီဂေါဖ်ကတော့ သားသားစပြီး ဝါသနာပါတယ်ရယ်လို့မဟုတ်ဘူး။ ကိုအောင်မင်းထွန်း တိုက်တွန်းလွန်းအားကြီးလို့ပါ။ ပထမစရိုက်တုန်းကတော့ သားအဖနှစ်ယောက် စိတ်တွေကောက်ကြ၊ မသွားချင်ဘူး မေမေဆိုလို့ ကြားထဲကနေ ကိုယ်ဝင်ပြောရတာတွေလည်း အများကြီးရှိ တယ်။ အခုကျတော့ သားကတအား ဝါသနာပါသွားပြီ။ တားလို့မရတော့ဘူး။ သားက ၇နှစ်က စရိုက်တာ အခု သူ ၁၁ နှစ်ပြည့်တော့မယ်ဆိုတော့ အရှိန်လေးရသွားပြီပေါ့။ ဆုတွေလည်း ခဏခဏရပါတယ်” လို့ပြောပါတယ်။ သားဖြစ်သူရဲ့ ဝါသနာကို မိဘနှစ်ပါးစလုံးက ပံ့ပိုးပေးသွားမှာ ဖြစ်ပြီးပရော်ဖက်ရှင်နယ်တစ်ယောက်အနေနဲ့ ဂေါ့ဖ်ရိုက်ဖို့ကိုတော့ သားဖြစ်သူရဲ့အရည်အချင်းကို စောင့်ကြည့်ပြီး ခွင့်ပြုသွားမှာ ဖြစ်ကြောင်းလည်း ထွန်းအိန္ဒြာဗို ကပြောပါတယ်။ ထွန်းအိန္ဒြာဗိုက ဇာတ်ကားတွေ ရိုက်ကူးဖို့ရှိသလို စတိတ်ရှိုးတွေဆိုဖို့လည်း လက်ခံထားပြီး ရိပ်သာဝင်ဖို့လည်း အစီအစဉ်ရှိကြောင်းပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here