၂ဝ၁၇ခုနှစ် ထဲမှာ ထွက်ရှိလာနိုင်မယ့် မြန်မာဂီတသမားတို့ ရဲ့ စီးရီးသစ်များ

0
122

maxresdefault

၂ဝ၁၇ ခုနှစ်ကိုတော့ ရောက်ရှိလာခဲ့ပါပြီ။ ဒီနှစ်ထဲမှာတော့မြန်မာ ဂီတသမားအတော်များများရဲ့ တေးစီးရီးသစ်တွေ ထွက်ရှိလာဖို့လည်းရှိနေပါတယ်။ မြန်မာဂီတ သမားများရဲ့ ၂ဝ၁၆ခုနှစ် အတွင်းက ဖန်တီးခဲ့ကြတဲ့ သီချင်းတွေကို ယခု ၂ဝ၁၇ ခုနှစ်မှာတော့ စီးရီးအဖြစ် ပရိသတ်တို့ထိတွေ့ခံစား ရတော့မှာဖြစ်ပါတယ်။ အစောဆုံး အနေနဲ့ ဇန်နဝါရီလအတွင်းမှာတော့ ဖြိုးပြည့်စုံနဲ့ ဇွဲပြည့်တို့ရဲ့ စီးရီးသစ်များရှိနေပါတယ်။ အချစ်များစွာနှင့်ဆိုတဲ့ ခေါင်းစဉ်နဲ့ တစ်ကိုယ်တော်စီးရီးထွက်ရှိမယ့် ဖြိုးပြည့်စုံကတော့သူ့ရဲ့ စီးရီးကို ချစ်သူများနေ့ မတိုင်မီမှာထွက်ရှိချင်တာကြောင့် ဇန်နဝါရီလ အတွင်းမှာ အပြီးသတ်ထွက်ရှိမှာဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့  စီးရီးနဲ့ အောင်မြင်ခဲ့တဲ့ ဇွဲပြည့်ကတော့ ဒုတိယစီးရီးကို “ခိုလှုံရာ” လို့အမည်ပေးထားပြီး ဇန်နဝါရီလကုန်မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။

” ကျွန်တော် ဒီတစ်ခေါက် စီးရီးမှာတော့ လူငယ်ဆန်ဆန် Music ပုံစံလေးတွေလည်းပါသလို သီချင်း ဟောင်း ၄ ပုဒ်လောက်လည်းပါပါမယ်။ ခိုလှုံရာလို့ ပေးထားပါတယ်။ဇန်နဝါရီလကုန်မှာ ထွက်ပါ့မယ်” လို့ ဇွဲပြည့်က သူ့ စီးရီးသစ်နဲ့ ပတ်သက်လို့ပြောပါတယ်။

အဲဒါအပြင် ဖေဖော်ဝါရီလထဲမှာတော့ Pop/R&B အဆိုတော်မလေး အိမ့်ချစ်က သူ့ ရဲ့တတိယစီးရီး အိမ့်ချစ်ဟုခေါ်သည်ကို ထွက်ရှိမှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဖြန့်ချိမယ်လို့ သူမက ကြေညာထားပြီး အဲဒီနေ့မှာပဲ သူမရဲ့ကိုယ်ပိုင်အမှတ်တံဆိပ် Emily Brand ကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလထဲမှာပဲ Mini Album တစ်ချပ်ထွက်ရှိလာမယ့် အဆိုတော် တစ်ယောက်ကတော့ ချမ်းချမ်းပါ။ သူမက လေးခွေမြောက်အဖြစ် စီစဉ်တဲ့စီးရီးကိုတော့ သီချင်းပုဒ်ရေ နည်းနည်းနဲ့ Mini Album အဖြစ် စီစဉ်ထားပါတယ်။ ဟစ်ဟော့ပ်နဲ့ ရက်ပ် အုပ်စုတွေထဲကလည်း ဒီနှစ်ထဲမှာ စီးရီးတွေ အပြိုင်းအရိုင်း ထွက်လာဖို့ ရှိနေပါတယ်။ စီနီယာ ရက်ပါတွေ ဖြစ်ကြတဲ့ ရန်ရန်ချန်း၊ ဂျေမီ၊ွ G Tone တို့ ၃ဦးတွဲ နိုင်ငံတော် ကွာလတီဆိုတဲ့ စီးရီးခွေကလည်း ဒီ ၂ဝ၁၇ခုနှစ် ရှေ့ ပိုင်းလတွေအတွင်းမှာ ထွက်ရှိလာမှာ ဖြစ်ပြီး နာမည် ကျောှ်ညမေန အဖွဲ့ရဲ့ တတိယစီးရီးလည်း ၂ဝ၁၇ခုနှစ် သင်္ကြန်မတိုင်ခင်ထွက်လာဖို့ ရှိတယ်လို့  ကြားသိရပါတယ်။ အဲဒါအပြင် လူငယ်ရက်ပါ အချို့ ရဲ့  စီးရီးသစ် တွေလည်း ထွက်ရှိလာနိုင်ပြီး လူသစ်တန်းထဲက အဆိုတော် အများအပြားစီးရီးသစ်တွေ ထွက်ရှိလာဖို့ ရှိနေပါတယ်။

Rock&Roll ရပ်ဝန်းမှာတော့ နာမည်ကြီး Big Bag အဖွဲ့ရဲ့ စီးရီးသစ် Weapon of choice က ဒီ၂ဝ၁၇ခုနှစ်ထဲမှာ ထွက်ရှိလာမှာဖြစ်ပြီး ထူးခြားတာက ဒီစီးရီးခွေကို ဆွီဒင်က Music Producer တွေနဲ့ အတူ ဆွီဒင်နိုင်ငံမှာ အသံသွင်းယူခဲ့ခြင်းဖြစ်ကာ အင်္ဂလိပ်ဘာသာနဲ့သီဆိုထားတဲ့ သီချင်းအများစု ပါဝင်မယ်လို့သိရပါတယ်။ အဲဒါအပြင် Modern Rock Band တစ်ခု ဖြစ်တဲ့ Reason ရဲ့တတိယစီးရီးကိုလည်း ဒီ ၂ဝ၁၇ခုနှစ်မှာပဲ ထွက်ရှိလာမှာဖြစ်ပါတယ်။ အဲဒါအပြင် စီးရီးသစ်မထွက်ရှိတာကြာပြီ ဖြစ်တဲ့ အဆိုတော်ကြီးများရဲ့ စီးရီးများလည်း ဒီနှစ်ထဲမှာပဲ ထွက်ရှိလာနိုင်မယ်လို့ မျှော်လင့်ရတာကြောင့် ယခု ၂ဝ၁၇ ခုနှစ်ကတော့ သီချင်းသစ်၊ ပုံစံသစ်များနဲ့ မြန်မာဂီတသမားတို့  ရဲ့ ဖန်တီးမှုအသစ်များကို ဘယ်လို ပုံစံနဲ့ ခံစားရင်ခုန်ရမယ်ဆိုတာ စိတ်ဝင်စားဖို့လည်း ကောင်းနေပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here