စိတ်တိုင်းမကျလို့သာ နိုးပါကွာ ပြောခဲ့တာပေါ့ မြန်မာပြည်သိန်းတန်

0
253

theint

မြန်မာပြည်သိန်းတန်က လက်ရှိ ရုပ်သံမှာ ပြသနေတဲ့ Myanmar Idol Season 2 မှာလည်း အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ မြန်မာပြည်သိန်းတန်ရဲ့ အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်မှုအပေါ်မှာ ပရိသတ်တွေရဲ့ မှတ်ချက်ပြုမှုကလည်း မျိုးစုံရှိနေပါတယ်။ ဒီလို ဝေဖန်ချက်တွေ အပေါ်မှာလည်း မြန်မာပြည်သိန်းတန်က..

” ကျွန်တော်က ငယ်ငယ်ကတည်းက သည်းခံခြင်းတရားကိုတအားချစ်တယ်။ တေးချစ် ပရိသတ်တွေအနေနဲ့ သူတို့ပြော တယ်ဆိုတာ သူတို့မှာ ပြောပိုင်ခွင့် ရှိပါတယ်။ သူတို့ဟာ ကျွန်တော်တို့ ရဲ့ ကျေးဇူးရှင်တွေဖြစ်တယ်။ သူတို့ စိတ်ထဲမှာ ပြောချင်တာကို ပြောပိုင် ခွင့်ရှိတယ်။ ကျွန်တော် Myanmar Idol မှာဆောင်ရွက်နေတာကိုပဲ ပြောပြော၊ ကျွန်တော့်ဖက်ရှင် ပေါ်မှာပဲ ပြောပြော ပြောပိုင်ခွင့်ရှိ ပါတယ်။ ကျွန်တော်တို့ကလည်း နားထောင်ရမယ့်တာဝန်ရှိပါတယ်။လိုအပ်တာလေးတွေကိုလည်း ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပေးရပါမယ်။နှိမ့်ချသည်းခံပြီးတော့ နေတတ်ရပါမယ်” လို့ မြန်မာပြည်သိန်းတန်က ပြောပါတယ်။ မြန်မာပြည်သိန်းတန်က Myanmar Idol ပြိုင်ပွဲတစ်လျှောက်အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ချိန်အတွင်း ” အန်ကယ်က တော့ no ပါ” ဆိုတဲ့ သူ့ရဲ့ စကားလုံးဟာ ပရိသတ်ကြား အထူးရေပန်းစားခဲ့ပါတယ်။ သူ့ဆီက no တစ်လုံး ရဖို့ဟာ ပြိုင်ပွဲဝင်တွေအတွက် ခက်ခဲခဲ့တာမို့ သူရွေးချယ်တဲ့ စံနှုန်းပေတံဟာ ဘယ်လိုရှိနေမလဲဆိုတဲ့ အပေါ်ဆက်မေးကြည့်တဲ့အခါ..

” အခုရွေးထားခဲ့သူတွေကတော့ စိတ်တိုင်းကျတာပါပဲ။ ကျွန်တော် စိတ်တိုင်းမကျလို့သာ စဉ်းစားဦးမယ်ကွာ။ no ပါကွာ ပြောခဲ့တာ ပေါ့။ ဒါဟာ ကျောက်ရိုင်းတုံးလေး တွေနဲ့တူတယ်။ ဒါကို တဒင်္ဂစက္ကန့်ပိုင်းလေးအတွင်းမှာ Yes , No ပြောဖို့က ခက်ပါတယ်။ မှားသွားလို့လည်း မကောင်းဘူး။ ကျွန်တော်တိုင်းတဲ့ ပေတံက ဒီလိုရှိပါတယ်။ ကျွန်တော့်အနေနဲ့ အနုပညာနယ်ပယ်ကို ဘယ်လိုလျှောက်လှမ်းခဲ့သလို ဘယ်အချိန်ကစပြီး ဘယ်အဆိုတော်ကို ဘယ်လိုထိတွေ့ခဲ့လဲ။ အခုထိ ဘယ်အဆိုတော်ကို ထိတွေ့နေခဲ့သလဲ။ ဒါ ကျွန်တော့်ရဲ့ပေတံပဲ။ ကျွန်တော်လူမှန်းသိစအရွယ်မှာ ကြားခဲ့တာ ပြည်လှဖေ၊ ဒေါ်မေရှင်၊ ဦးတင်မောင်၊ ဥသြဘသောင်။နောက်တစ်ခါ ကိုအံ့ကြီး၊ စန္ဒရားလှထွတ်၊ ဒီဘက် ဦးတို့နောက်မှာ ပေါ်လာတဲ့ စိုင်းထီးဆိုင်၊ ထူးအိမ်သင်၊ အောင်ရင်၊ ဟေမာနေဝင်း အစရှိသဖြင့်ပေါ့။ ဒီဘက်မှာဆို နောက်ဆုံး Myanmar Idol က စောလားထော်ဝါးတို့ အထိပေါ့။အဲဒီတော့ ကျွန်တော့်ခေါင်းထဲမှာ အဆိုတော်ပေါင်းများစွာရဲ့ အရည်အချင်းအသံတွေဟာ ပေတံပဲ။ ဒီကလေးတွေဆိုတဲ့အခါ ဒီပေတံ တွေနဲ့ချိန်တယ်။ တဒင်္ဂလေးကို သာယာပြီးကောင်းတယ်၊ မကောင်းဘူး ပြောလို့မဖြစ်ဘူး။ ဒီကလေး တွေက မြန်မာပြည်ကို ကိုယ်စား ပြုရမှာ။ တစ်ခွေ၊ နှစ်ခွေထုတ်ပြီး အိမ်ပြန်အိပ်နေရမယ့်ကိစ္စ မဟုတ်ဘူး ထင်တယ်လေ။ သီချင်းမျိုးစုံကို သူတို့ဆိုနေရမယ်။ ဒီလို ကျောက် ကောင်းကိုလိုချင်တာ။ ခဏလေးတက်ပြီး ဆိုပြရတဲ့အနေအထားတစ်ခုမှာ ကောင်းတယ်၊ ပေးမယ် ပြောလို့မရဘူး။ တခြားသူတွေတော့ မသိပါဘူး။ ကျွန်တော်တော့ ဒီလိုပဲ တိုင်းပါတယ်။ အခုကျွန်တော် အသက် ၆၉ နှစ်ရှိပြီ။ စတီရီယို လောကဆိုလည်း ကျွန်တော်တို့ စလာခဲ့တာပဲ။ ဒီမတိုင်ခင်လည်း ဂစ်တာတီးတယ်။ ဒီတော့ ဒီလိုပေတံ တွေနဲ့တိုင်းပြီး ရွေးချယ်ပါတယ်” လို့ မြန်မာပြည်သိန်းတန်က ပြည့်ပြည့်စုံစုံ ရှင်းပြခဲ့ပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here