စုစည်းမှု အားတွေနဲ့ မြန်မာသံ ဂီတလောကကို မြှင့်တင်သွားမယ့် စိတ်တူကိုယ်တူ မြန်မာသံချစ်သူများအဖွဲ့

0
175

Myanmar Song 1 (1)

စိတ်တူကိုယ်တူ မြန်မာသံ ချစ်သူများအဖွဲ့ကို လောကတစ်ခွင် အလှဆင် မြန်မာသံစဉ်များ ထာဝရပျံ့လွင့် နေစေရမည်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ယာယီဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ်။

ဒီအဖွဲ့ကို ဖွဲ့ဖြစ်ဖို့အတွက်ကိုတော့ သျှန်ထွန်း(မြန်မာစာ)၊ ဗညားဟန်၊ ပိုင်သက်ကျော်၊ မိုးထက်မြင့်တို့က စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး အဖွဲ့ မှာတော့မြန်မာသံအဆိုတော်ကြီး တွေကို နာယကအဖြစ် ထားရှိသွားမှာဖြစ်ကာ မြန်မာသံချစ်သူ မည်သူ မဆို အဖွဲ့ဝင်အနေနဲ့ ဝင်ရောက်လို့ရနိုင်ကြောင်းလည်း သိရပါတယ်။ စိတ်တူကိုယ်တူမြန်မာသံ ချစ်သူများအဖွဲ့နာမည်ကိုတော့ သျှန်ထွန်း(မြန်မာစာ)က ရည်ရွယ်ချက် ကောင်းတွေနဲ့ စဉ်းစားပြီးပေးခဲ့ ခြင်းလည်းဖြစ်ပါတယ်။

” စိတ်တူကိုယ်တူ ဆိုတာကလည်း ကျွန်တော်တို့ ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်တချို့ဟာ အတ္တတွေ၊ မာန်တွေကိုယ်စီ ရှိကြပါ တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ကျွန် တော်တို့ မြန်မာသံအဆိုတော်တွေ အနေနဲ့ အတ္တတွေမာန်တွေမရှိဘဲနဲ့ မြန်မာသံလောက တိုးတက်အောင် မြန်မာသံလောကနဲ့ပတ်သက်ပြီး အစစအရာရာ မျက်နှာမငယ်ရ အောင် စိတ်တူကိုယ်တူရှိမယ့် သူတွေချည်းပဲ ဆောင်ရွက်ကြမယ် ဆိုရင် ပိုကောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စိတ်တူကိုယ်တူမြန်မာသံ ချစ်သူဆိုတဲ့နာမည်လေးကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်” လို့ သျှန်ထွန်း (မြန်မာစာ)က ရှင်းပြပါတယ်။

စိတ်တူကိုယ်တူ မြန်မာသံ ချစ်သူများအဖွဲ့ကိုတော့ တရားဝင်အနေနဲ့ ဖွဲ့စည်းခြင်းမဟုတ်သေးဘဲ ဖြန့်ဝေထားသော အဆိုပြုလွှာတွေနဲ့ အတူအဖွဲ့ဝင်အဖြစ်လည်း ဝင် ရောက် နိုင်ပြီးအဖွဲ့ရဲ့လိုဂိုနဲ့အဖွဲ့ ဝင် ကတ်တွေကိုလည်း ကုတ်နံပါတ်တွေ ဖြင့် လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။မြန်မာသံ အဆိုတော်ကြီး၊ တေးရေးဆရာကြီး တွေရဲ့ကျန်းမာရေး၊ စားဝတ်နေရေး ထောက်ပံ့ပေး ရန်အဖွဲ့အနေနဲ့ မြန်မာသံ အဆို တော်ကြီးတွေရဲ့ကျန်း မာရေး၊ လူမှု ရေး၊ စားဝတ်နေရေး တစ်ခုခု အခက်အခဲများရှိခဲ့ရင် ကူ ညီပေး သွားဖို့စီစဉ်ထားတဲ့အတွက် Fund ငွေကိုလည်း ရှာဖွေသွားမှာ ဖြစ်ကြောင်း သျှန်ထွန်း (မြန်မာစာ)က ပြောပါတယ်။

” ဂီတအနုပညာရှင်တွေထဲမှာ အဆိုတော်တွေ သီချင်းတစ်ပုဒ်ဆိုရင် (၁ဝ)သိန်း (၁၅)သိန်းရပေမယ့် ဗုံတီးတဲ့သူ၊ နှဲမှုတ်တဲ့သူက ၃သောင်း၊ ၄သောင်းလောက်ပဲ ရတဲ့သူတွေရှိ ပါတယ်။ သူတို့ဘဝတွေရဲ့ စားဝတ်နေရေး ၊ကျန်းမာရေး၊ လူမှုရေးအတွက် တစ်ခုခုများလိုအပ်လာခဲ့ရင် ကူညီထောက်ပံ့နိုင်အောင်၊ ပြီးတော့ ကျွန်တော်တို့အဖွဲ့ထဲက အနုပညာရှင်တွေရဲ့သား၊ သမီးတွေ ၁ဝ တန်းအောင်လို့ တက္ကသိုလ်ဆက် မတက်နိုင်ရင် ကျွန်တော်တို့ အဖွဲ့က ထောက်ပံ့နိုင်အောင် ကြိုးစားကြမယ်” လို့ သူကထပ်ပြောပါတယ်။

မြန်မာသံ အဆိုတော်တွေထဲမှာ ဖျော်ဖြေပွဲများ မနားရအောင် ဖျော်ဖြေနေရတဲ့ အဆိုတော်များစွာလည်းရှိပြီး တစ်ကိုယ်တော် အခွေတွေထုတ်ပြီး ပွဲတွေဆိုပြီး ပရိသတ်နဲ့ထိတွေ့နိုင်ဖို့ ကြိုးစား နေကြတဲ့သူတွေလည်းရှိ ကြောင်း ဒီအဖွဲ့ဖွဲ့ပြီးတဲ့အခါမှာတော့ အားလုံးကသာတူညီမျှ ညီအစ်ကို မောင်နှစ်မတွေဖြစ်တဲ့အတွက် ကြောင့် ဘယ်လိုတွေဆက်လက်လုပ် ဆောင်သွားကြမလဲဆိုတာကိုလည်း သျှန်ထွန်း(မြန်မာစာ)က အခုလို ပြောပြတာက..

” မြန်မာသံချစ်သူများအဖွဲ့ကို ဘယ်ပရဟိတ အဖွဲ့ကတော့ ဘယ် မြို့မှာဖိတ်ပါတယ်ဆိုရင်သွား ရောက် ဖျော်ဖြေကြမယ်။ အဖွဲ့ကို သူတို့ ချီးမြှင့်တဲ့ရန်ပုံငွေကို မြန်မာသံတွေ နဲ့ပတ်သက်လို့ တိုးတက်ရာတိုး တက်ကြောင်း လုပ်ဆောင်ဖို့ အတွက်ထားကြမယ်။ ကျွန်တော်တို့ ကတော့ကိုယ့်စရိတ် ကိုယ်စိုက်ပြီး တော့ဒီအဖွဲ့အတွက် ဆောင်ရွက်ကြ မယ်ပေါ့။ ဥပမာ-မောင်ဖြူ စီးရီး(၂)ခွေ၊(၃)ခွေ ထွက်ထားတယ် ။ ဒါပေမဲ့ သူ့မှာ ပရိသတ်ထိတွေ့မှုသိပ်မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ၊ဗညားဟန်တို့ စိုးစန္ဒာထွန်းတို့၊ စိမ့်နေခြည်တို့ အကုန်လုံးပေါင်းပြီး ဆိုကြတဲ့အခါ သူလည်းဆိုခွင့်ရတယ်။ သူတို့သီချင်း လေးတွေလည်း ပရိသတ်ကသိလာပြီး တဖြည်းဖြည်းနဲ့အားပေးလာမယ်။ အဲဒီလိုမျိုးလက်တွဲယူတဲ့မိသားစု စိတ်ဓာတ်တွေက စိတ်တူကိုယ်တူဆို တဲ့ စကားလုံးထဲမှာ အကျုံးဝင်ပါ တယ်။ အဲဒီလိုမျိုးပဲလုပ်ဆောင်သွားမယ်လို့ ကျွန် တော်တို့ ရည်ရွယ်ထားပါတယ်” လို့ ပြောပြပါတယ်။

အဲဒါအပြင် ဒီအဖွဲ့ကို ဖွဲ့ရခြင်း ရည်ရွယ်ချက်က မြန်မာသံအနုပညာရှင်တွေကို ပရိသတ်တွေစိတ်ဝင် စားလာအောင်၊ ပရိသတ်တွေ အများ ကြီးရလာအောင်၊ မှေးမှိန်မပျောက် ပျက်သွားအောင်ဆိုတဲ့ ရည်ရွယ်ချက် တွေကြောင့်ပဲဖြစ်ပြီး တစ်ယောက် ချင်းစီကိုယ့်လမ်းကိုယ် သွားနေရာ ကနေ စုစုစည်းစည်းနဲ့ အဖွဲ့စည်း လေးတစ်ခုဖွဲ့ပြီးတော့ လုပ်သင့်လုပ် ထိုက်တာလေးတွေ လုပ်ကြရင်ပိုပြီး အဆင်ပြေကြမလားဆိုတဲ့အတွေး နဲ့ လုပ်ခြင်းဖြစ်ကြောင်း သူ့အနေ နဲ့ တစ်နှစ်မှာတစ်ပွဲ (သို့မဟုတ်) နှစ်ပွဲလောက် မြန်မာသံပရိုမိုးရှင်းပွဲ တွေလည်း လုပ်ချင်ကြောင်း အဖွဲ့အတွက်ရရှိတဲ့ Fund ငွေတွေကို အဖွဲ့ရဲ့ သာရေး၊နာရေးနဲ့အကျိုးရှိ မယ့် နေရာတွေမှာ အသုံးပြုသွားချင်ကြောင်း ဗညားဟန်ကပြောပါတယ်။

စိတ်တူကိုယ်တူ မြန်မာသံချစ်သူများအဖွဲ့ Fund ငွေအဖြစ် မြို့ရွှေမန်းသားဖိုးချစ်မှ ကျပ်၁ဝသိန်း၊ ပြေတီဦးမှ ကျပ်၅သိန်း လှူဒါန်းခဲ့ပါတယ်။ စိတ်တူကိုယ်တူ မြန်မာသံ ချစ်သူများအဖွဲ့ ယာယီဖွဲ့စည်းခြင်းအကြောင်း မီဒီယာအသိပေးပွဲကို ဇန်နဝါရီလ ၁၇ရက်နေ့က 225 Restaurant မှာပြုလုပ်ခဲ့ရာ အဆိုပါပွဲကို တက်ရောက်ခဲ့တဲ့ တေးရေး ဆရာကြီး အလွမ်းသီချင်း ရေးတဲ့ မောင်ကျော်ဇောကို လူငယ်မြန်မာသံ အဆိုတော်များက ကန်တော့ခဲ့ကြပါတယ်။

လင်းအက္ခရာ၊
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here