မြန်မာသံကို ခေတ်နဲ့ လျော်ညီအောင် ဘယ်လိုဆန်းသစ်မလဲဆိုတာကို စဉ်းစားကြဖို့လိုပါပြီ ဗညားဟန်

0
129

BaNyar Han

မြန်မာသံတေးသံရှင် ဗညားဟန်ကတော့ လက်ရှိမှာ နယ်ပွဲတွေ ဆက်တိုက်ဆိုသလို သွားရောက်ဖျော်ဖြေနေရသော်လည်း အလုပ်တွေမအားလပ်တဲ့ ကြားထဲကနေပြီး စိတ်တူကိုယ်တူ မြန်မာသံချစ်သူများအဖွဲ့ဆိုတာကို ပေါ်ပေါက်တည်ထောင်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်း ကနေပြီး ပါဝင်အားဖြည့်ကူညီပေးလျက်ရှိနေပါတယ်။

” အဖွဲ့ရဲ့ အဓိကရည်ရွယ်ချက်က မြန်မာသံတိုးတက်ရေး အတွက်ပဲ။ ပရိသတ်တွေ စိတ်ဝင်စားလာအောင် လုပ်ချင် တာက အဓိကပဲဖြစ်တယ်။ မြန်မာသံအင်အား နည်းတာ မှန်ပေမယ့် ရှိတဲ့အားလေးနဲ့ ပပျောက်မသွားအောင် ဘယ် လိုပရိုမိုးရှင်းတွေလုပ်မလဲဆိုတာကတော့ နံပါတ်တစ်ပါပဲ။ ကျွန်တော်တို့က ပရဟိတလုပ်နိုင်ဖို့အတွက် မြန်မာသံ တွေစုစည်းမယ်။ အဓိကကတော့ ပရိသတ်အပေါ်လည်း မူတည်ပါတယ်။ ကျွန်တော်တို့က ပရိသတ်စုရမယ့်သဘော ပေါ့။ ပရိသတ်ရှာဖွေတဲ့သဘောပေါ့’ လို့ ဗညားဟန်က ဆိုပါ တယ်။

ဗညားဟန်ကတော့ သူကိုယ်တိုင်သွားရောက်သီဆိုခဲ့တဲ့ နယ်ပွဲတွေမှာတော့ မြန်မာသံအခြေအနေဟာ တအားကောင်းတယ်။ အဆင်ပြေတယ်လို့ဆိုပါတယ်။” ကျွန်တော်ကတော့ ကျွန်တော့်ပရိသတ်နဲ့ ကျွန်တော် ရှိနေတယ်။ အဆင်ပြေနေတာပဲ။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ အလှူပွဲ၊ မင်္ဂလာဆောင်ပွဲ အဆင်ပြေတယ်။ ရုံပွဲအဆင်မပြေဘူး။ အဆင်ပြေတဲ့ပွဲက အဆင်ပြေ တာရှိပေမယ့် အဆင်မပြေတဲ့ပွဲတွေလည်းရှိတယ်။ မြန်မာသံ ရေစီးအနေအထားက ကောင်းတာတော့ ကောင်းနေ တာပါပဲ။ ဥပမာ- တစ်ခုပြောရရင် မနော ဘာလို့ ပေါက်လဲ။ မနောတစ်နိုင်ငံလုံးမှာ ပေါက်နေတဲ့ ဗိုလ်အောင်ဒင်ဟာ မြန်မာသံပါပဲ။ ညနေနေရီနေရီဟာလည်း မြန်မာသံပါပဲ။ မနောပရိသတ် ဘယ်လောက်အထိရှိတယ်ဆိုတာ နယ်ရှိုးပွဲတွေကြည့်ရင် သိနိုင်ပါတယ်။ မြန်မာသံတွေဟာ အနေအထားကောင်းပါတယ်။ နောက်ပိုင်းမှာ အဲဒီလို ကြိုးစားကြဖို့လိုလာပြီ။ အသစ်အသစ်တွေ တင်ဆက်ရမယ်။ ပရိသတ်ကို မလိမ်နဲ့၊ မညာနဲ့။ အကောင်းဆုံးဖြစ်အောင်လုပ်ရင် ပရိသတ်က အကောင်းဆုံးပြန်တုံ့ ပြန်မှာပဲ။ အဓိကကတော့ ဖန်တီးတဲ့ ကျွန်တော်တို့ အပေါ်မှာ မူတည်ပါတယ်။ တစ်ခါလာလည်း မွဲပြာ ပုဆိုး၊ နောက်တစ်ခါလာလည်း မွဲပြာပုဆိုးပဲဆိုရင် ဘယ်သူကမှ လက်ခံမှာမဟုတ်တော့ဘူးလေ။ အဲဒီတော့ခေတ်ရေစီးမှာ ဘယ်လိုသွားကြမလဲ ဆိုတာကိုတော့ စဉ်းစားကြရမယ်။ အဲဒီလိုတော့ အကြံပြုချင်တယ်။ မြန်မာသံဆိုတဲ့သူ တစ်ယောက်အနေနဲ့ဒီလိုစကားမျိုး ပြောရတာ တော့ မကောင်းဘူးပေါ့။ ဒါပေမဲ့ မြန်မာသံတော့ မြန်မာသံပဲ။ ပုံစံခွဲထွက်ပါ။ အသစ် အသစ်တွေ တွေးပါ။ ဘယ်လိုတင် ပြရင်ကောင်းမလဲဆိုတာကို တီထွင်ပါ။ တီးလုံးကအစ အသုံးပြုတဲ့ တူရိယာပစ္စည်းတွေအထိ ဘယ်လိုလုပ်ရင် ပရိသတ် အတွက် ဆန်းသစ်မှု ဖြစ်မလဲဆိုတာကို တီထွင်ပါ။ ဒီအတိုင်း တော့ မသွားကြပါနဲ့ပေါ့။ ဒီအတိုင်းသွားရင် ပရိသတ်က ရိုးသွားမှာပဲ။ အခုအချိန်မှာတော့ မြန်မာသံ တွေဟာ ပြောအားရှိလာပါပြီ” လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၉ရက်နေ့ကတော့ “ရင်ထဲကမိုးစက်တင်လေ’ ဆိုတဲ့ အယ်လ်ဘမ်ကို ဗညားဟန်က ဖြန့်ချိထားနိုင်ခဲ့ပြီး သီချင်းတွေကတော့ တေးသံရှင်လွှမ်းမိုး နာမည်ကျော်ခဲ့တဲ့ သီချင်း ၁၁ ပုဒ်ကို ပြန်လည်သီဆိုထားတာဖြစ်ပါတယ်။ မကြာခင်မှာလည်း ဗီစီဒီရိုက်ကူးဖို့ လုပ်နေပြီလို့လည်း ဆိုပါတယ်။ လက်ရှိမှာ တော့ နယ်ဘက်တွေက ဖိတ်ခေါ်ထားတဲ့ ပွဲတွေမှာ သွားရောက်သီဆိုလျက်ရှိ နေပါတယ်။

” ကျွန်တော်တို့ကြိုးစားနေကြတယ်ဆိုတာကို အလုပ်နဲ့ပဲ သက်သေ ပြနေပါတယ်။ ပရိသတ်အပေါ်မှာ ကျွန်တော်တို့ဟာ ဘယ်တော့မှ စေတနာမလျောပါဘူး။ မြန်မာသံ တွေ အားလုံးကိုလည်းခံစားနားဆင်စေချင်သလို မည်သည့် ဂီတအမျိုးအစားကိုမဆို တစ်ခုမဟုတ်တစ်ခုတော့ နား ထောင်ပေးနေကြပါလို့ပြောချင်တယ်။ ဂီတတွေသာ မရှိရင်လောကကြီးဟာ ပျင်းစရာကြီးပါ” လို့ ဗညားဟန်က မှတ်ချက်ပြု ပြောပြပေးခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here