အနုပညာစုဖွဲ့မှုအင်အားနှင့် ခေတ်မျိုးဆက်ရှင်သန်ဆဲဂီတလောက

0
154

myomg

နှစ်ဆယ်ရာစု နှစ်ပိုင်းလောက်ကစလို့ မြန်မာနိုင်ငံရဲ့ ဂီတလောကက ပြောင်းလဲမှုတွေ၊ စိန်ခေါ်မှုတွေ၊ ဆန်းသစ်တီထွင်မှုတွေနဲ့ ရွေ့လျား လာခဲ့တာ အခု ၂ဝ၁၇ ခုနှစ်တောင် ရောက်ခဲ့ ပြီဆိုတော့ ၁၇ နှစ်တိုင် ရွေ့လျား လာခဲ့ပြီးပြီ ဖြစ်ပါတယ်။ ၂ဝဝဝ ပြည့်နှစ်လောက်တုန်းကဆိုရင် အားလုံးသိကြတဲ့အတိုင်း မြန်မာနိုင်ငံမှာ ဟစ်ဟော့ပ်ဂီတကိုအစတည် ခဲ့တဲ့အဖွဲ့ဖြစ်တဲ့ Acid အဖွဲ့ ပေါ် ပေါက်ခဲ့တယ်။ နောက်ထပ် Theory အဖွဲ့ပေါ်ပေါက်လာတယ်။ သူတို့တွေ ဟစ်ဟော့ပ်ဂီတကို ပုံဖော်ထုဆစ်ခဲ့ကြတယ်။ ၂ဝဝဝ ပြည့်နှစ်က မိန်းကလေးတိုင်း အဆိုတော်တွေ အကြိုက်ထဲမှာဆို ယနေ့ထိတိုင် နာမည်ကြီး အဆိုတော် တစ်ယောက်အဖြစ် ရပ်တည် နေဆဲဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်လို အဆိုတော်မျိုးတွေ နာမည်စကြီးလာသလို Examplez, Too Big စတဲ့ ဂီတ အဖွဲ့တွေလည်း ကိုယ်စီလှုပ်ရှားနေကြ ပြန်ပါတယ်။

မိန်းကလေးအဖွဲ့တွေ ထဲမှာဆို No အဖွဲ့က နောက်ပိုင်းမှာ ပေါက်လာသလို Bambino, Blue Berry အစရှိ သဖြင့် အဖွဲ့တွေ ပေါ်ပေါက်လာသလို ပရိသတ်လည်း လက်ခံအားပေးကြပါတယ်။ ဆိုလိုတာကတော့ ၂ဝဝဝ ပြည့်နှစ် ဝန်းကျင်မှာ ရော့ခ်၊ ပေါ့ပ်၊ ဟစ်ဟော့ပ်၊ ပန့်ခ်၊ အော်တာနေးတစ် အစရှိသဖြင့် အမျိုး အစားစုံလင်လှတဲ့ ဂီတအမျိုးစုံတွေက အဖွဲ့လိုက်အနေနဲ့ပဲဖြစ်ဖြစ်၊ တစ်ယောက်ချင်းစီအနေနဲ့ပဲဖြစ်ဖြစ် လှုပ်ရှားမှု တွေများစွာ ပြုလုပ်ခဲ့ကြပြီး မိမိရဲ့ ဂီတမှတ်တိုင်အသီးသီးကို စိုက်ထူ ခဲ့ကြပါတယ်။

အဲဒီအချိန်တုန်းက Teens အဖွဲ့အနေနဲ့ သီချင်းတွေဆိုခဲ့တဲ့ အဆိုတော် ဟဲလေးက ယနေ့ထိတိုင် တစ်ကိုယ်တော်အနေနဲ့ အောင်မြင်နေဆဲပါ။ သူ့ရဲ့ ဂီတသက်တမ်းဆို ၁၆ နှစ်ကျော်ခဲ့ပါပြီ။ သူက လွန်ခဲ့တဲ့ ၁၆ နှစ်နဲ့ ဒီဘက်ခေတ် အခြေအနေအကြောင်းကို သုံးသပ်ပြတာက..

‘ အဓိကကတော့ လေ့လာဆန်းသစ်မှုအား ကောင်းရပါမယ်။ ခေတ်နဲ့အညီ လိုက်လျောညီထွေစွာ စီးမျောရမှာပေါ့။ ဒီရေစီးကြောင်းထဲမှာ နေချင်ရင်တော့ အမြဲတမ်း လေ့လာနေမှရမှာပါ။ မလေ့လာလို့ကတော့ နောက်မှာကျန်ရစ် နေခဲ့မှာပါ။ ဒီဘက်ခေတ်ကတော့ အစစအရာရာ တိုးတက်ပြောင်းလဲ နေပါပြီ။ ပြီးတော့ ဒီဘက်ခေတ် ကလေးတွေက တီထွင်ဆန်းသစ်မှု အားလည်း ကောင်းကြပါတယ်။ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်လည်း စည်းလုံးကြတယ်” လို့ ဟဲလေး က ပြောပါတယ်။ အဆိုတော် ဟဲလေးပြောခဲ့သလို ဒီဘက်ခေတ်မှာ အစစအရာရာ တိုးတက်လာသလို ဂီတသမားတွေကလည်း တစ် ယောက်နဲ့တစ်ယောက် ချစ်ခင်ရင်းနှီး စွာနဲ့ စည်းစည်းလုံးလုံးရှိကြပါတယ်။ ဒီဘက်ခေတ်မှာ အောင်မြင်နေတဲ့ ရွှေထူး၊ X.Box , Lil’z ၊ ထက်ယံတို့ ၄ လေးယောက်ဆို တစ်ယောက်နဲ့ တစ်ယောက် မြူးဇစ်ပုံစံချင်း မတူ ကြပါဘူး။ ဒါပေမဲ့ သူတို့ လေးယောက် “၄” ဆိုတဲ့ အယ်လ်ဘမ်တစ်ခုမှာ အတူတူဆုံကြတယ်။ တစ်ယောက်နဲ့တစ်ယောက် စည်းလုံး ကြတယ်။ ပရိသတ်ကလည်းများစွာ ချစ်ခင်အားပေးကြတာ တွေ့ရပါ တယ်။

” ကျွန်တော်တို့လေးယောက်က တော့ တစ်ယောက်နဲ့တစ်ယောက်ကညီအစ်ကိုတွေလိုပါပဲ။ စတွေ့တုန်းက၊ သီချင်းစလုပ်တုန်းကတော့ တစ်ယောက်နဲ့တစ်ယောက်က ရှိန်နေကြတာပေါ့။ ဒါပေမဲ့လည်း အချိန်ကြာလာတဲ့အခါမှာ သံယောဇဉ်တွေ ဖြစ်လာကြတယ်။ သူတို့ သီချင်းတွေကိုလည်း ကျွန်တော် ကြိုက်တယ်။ ကျွန်တော့်သီချင်းဆိုလည်း သူတို့ကြိုက်တယ်။ ညီအစ်ကို တွေလိုပါပဲ” လို့ ရွှေထူးက ပြောပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်ဝန်းကျင်က နာမည်ကြီးခဲ့တဲ့ မိန်းကလေး Girls Band တစ်ဖွဲ့ဖြစ်တဲ့ No အဖွဲ့က ရတနာကလည်း ဒီဘက်ခေတ်ဂီတ လောကအခြေအနေကို ..

” အစ်မတို့တုန်းကတော့ Pop ဘက်ကိုပိုရောက်တဲ့ သီချင်း အေးအေးလေးတွေဘက်ကို ပိုသွားကြတယ်။ ဒီဘက်ခေတ်ကျတော့ R&B တို့၊ Dance ဘက်တို့ကိုသွား ကြတယ်။ အစ်မတို့တုန်းကကတော့ ကခဲ့တာပေါ့။ ဒါပေမဲ့ တကယ်တမ်း ဒီဘက်ခေတ်မြူးဇစ်နဲ့ ပြန်ယှဉ်လိုက်ရင် မတူတော့ဘူး။ ခေတ်ကလည်း ပြောင်းသွားတာကိုး။ အခုခေတ်က ပိုကောင်းသွားပါတယ်’ လို့ သူမက ဆိုပါတယ်။ ၂ဝဝဝ ပြည့်နှစ်က ဖြတ်သန်းလာခဲ့တဲ့ ဂီတအရွေ့က အခုဆို ၁၇ နှစ်ရှိခဲ့ပါပြီ။ ဆက်လက် ပြီးလည်း ရွေ့လျား နေဦးမှာပါ။ အချိန်တွေ ဘယ်လိုပဲ ရွေ့ရွေ့၊ လူငယ်တို့ရဲ့ ဆန်းသစ်တီထွင်မှုနဲ့ ချစ်ကြည် စည်လုံးမှုတွေကတော့ မြန်မာနိုင်ငံဂီတ လောကမှာဆက် လက် တည်တံ့ပြီး ရွေ့လျားနေကြ ဦးမှာပါ။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here