သူငယ်ချင်းတွေထဲမှာ ကိုယ်တစ်ယောက်တည်း လူပျိုကြီး ဖြစ်နေတယ် ထွန်းထွန်း

0
144

Tun Tun

ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ပြုလုပ်မယ့် Back to Millenium Concert မှာ တစ်ချိန်က မိန်းကလေးတွေကြား ရေပန်းစားအားပေးမှုရရှိခဲ့တဲ့ Examplez အဖွဲ့လည်း ပါဝင်ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ Examplez အဖွဲ့ ဖွဲ့စည်းခဲ့တာ ၁၅ နှစ် ပြည့်ပြီဖြစ်ပြီး အဖွဲ့ အနေနဲ့ ပရိသတ်တွေတောင်းဆိုတဲ့အတွက် ၁၅ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဖျော်ဖြေပွဲလုပ်ဖို့ ကြိုးစားနေကြပါတယ်။ ဒီအချိန်မှာပဲ တစ်ချိန်က သူတို့အဖွဲ့နဲ့အတူ ဂီတလောကထဲမှာ ရပ်တည်ခဲ့ကြတဲ့ ၂ဝဝဝ ပြည့်နှစ်ဝန်းကျင်က ဂီတအဖွဲ့တွေနဲ့အတူ ဖျော်ဖြေကြမယ့် Back to Millenium ပွဲမှာ ပါဝင်သီဆိုသွားမှာဖြစ်ပါတယ်။ Examplez အဖွဲ့မှာ ထွန်းထွန်း၊ သက်အောင်၊ ဖြိုးမောင်မောင်၊ ထူးကျော်တို့ ၄ ဦးပါဝင်ပြီး အဖွဲ့သားအားလုံးစုံညီစွာနဲ့ ပရိသတ်တွေကို ပြန်လည်ဖျော်ဖြေခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာရကြောင်း အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ထွန်းထွန်းက ပြောပါတယ်။

ဓ ကျွန်တော်က အတိုင်းထက်အလွန်ပျော်တာပေါ့။ ဒီအဖွဲ့နဲ့ သီချင်းဆိုဖို့ ကြိုးစားနေတယ်။ ကြိုးစားနေပေမယ့် မဆိုဖြစ်ခဲ့ဘူး။ ဒီ Back to Millenium ဆိုတဲ့ စတိတ် ရှိုးမှာ ကျွန်တော်တို့ Examplez အနေနဲ့ ၄ ယောက် စုံစုံညီညီ ပြန်လည်သီဆိုဖျော်ဖြေပါမယ်။ အရင်က ကျောင်းပွဲတွေမှာဆိုတာတော့ ပရိသတ်အကုန်လုံးမသိဘူး။ ဒါကတော့ ပရိသတ်အကုန်သိတဲ့ပွဲမှာ ပြန်လည်သီဆိုရမှာဖြစ်တဲ့အတွက် အတိုင်းမသိ ကျေနပ်ပီတိဖြစ်ပါတယ်” လို့ ထွန်းထွန်းက ပြောပါတယ်။ ဒီဖျော်ဖြေပွဲအတွက် သီချင်းတွေကို သေချာရွေးချယ်ပြီး အကောင်းဆုံးသီဆိုသွားမှာဖြစ်ကြောင်းကိုလည်း ထွန်းထွန်းက..

” ကျွန်တော်တို့ သီဆိုရမယ့်အပိုင်းက CD နဲ့လို့ပြောပါတယ်။ တကယ့် Band နဲ့ ဆိုရင်လည်း Band ပေါ့လေ။ Band မပါဘူး CD နဲ့ပဲ သီဆိုဖျော်ဖြေရရင်တော့ ကျွန်တော်တို့ အရင် သီဆိုခဲ့တဲ့သီချင်းတွေထဲက ဖျော်ဖြေခွင့်ရတဲ့အချိန် နာရီဝက်သော်လည်းကောင်း၊ ၂၅ မိနစ်သော်လည်းကောင်း ဒီမိနစ်ထဲမှာဝင်မယ့် သီချင်းအပုဒ်ရေနဲ့ အကောင်းဆုံးဖြစ်အောင် သီချင်းတွေတိုက်ပြီး သီဆို ဖျော်ဖြေသွားမှာပါ” လို့ပြောပါတယ်။ ဒီအဖွဲ့ထဲမှာ ကျန်တဲ့အဖွဲ့ သားတွေအားလုံးက အိမ်ထောင်ကျသွားပြီဖြစ်ပြီး အနုပညာအလုပ်တွေ ဆက်မလုပ်ဖြစ် တော့ပါဘူး။ ထွန်းထွန်းတစ်ယောက်ပဲ သရုပ်ဆောင်ပိုင်းရော၊ အဆိုပိုင်းပါ ဆက်လုပ်ဖြစ်ပြီး ‘စူပါစတား” တစ်ကိုယ်တော်တေးစီးရီးကိုလည်း ထွက်ရှိခဲ့ပါတယ်။ ဖျော်ဖြေပွဲအတွက် အဖွဲ့ လိုက်ဓာတ်ပုံရိုက်ကူး နေတာ မြင်တွေ့ရတာလည်း ကြည်နူးစရာ ကောင်းလှပါတယ်။ ” ဓာတ်ပုံထဲမှာတော့ သူငယ်ချင်းတွေအကုန်လုံးက ကိုယ်စီ ကိုယ်စီနဲ့ပေါ့။ ကျွန်တော် တစ်ယောက်တည်း လူပျိုကြီးကျန်နေတာပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ်လည်း ကြိုးစားရမယ်ပေါ့” လို့ သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်ကူးတဲ့အမှတ်တရကို ထွန်းထွန်းက ပြောပါတယ်။

ခိုင်ဝေလွင် ၊ ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here