ကိုယ့်တီးဝိုင်းနဲ့ကိုယ် ရပ်တည်နိုင်ဖို့ ကြိုးစားတုန်းပါပဲဆိုတဲ့ မာရဇ္ဇ

0
450

marz

အဆိုတော် မာရဇ္ဇက တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေ တစ်နှစ်တစ်ပွဲနီးပါး ပြုလုပ်လာခဲ့တာ အခုဆိုရင် ၄ကြိမ်မြောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ လေးကြိမ် မြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲကို မန္တလေးမြို့မှာ ပြုလုပ်မယ့် မာရဇ္ဇကို အခုလို ဖျော်ဖြေပွဲတွေ ဆက်တိုက်ပြု လုပ်ခဲ့ခြင်းအပေါ်နဲ့ အရင်ကာလများဆီက ဘာကြောင့် မလုပ်ဖြစ်ခဲ့ရတယ်ဆိုတဲ့အကြောင်း မေးမြန်းတဲ့အခါ..

” အရင်တုန်းကလည်း လုပ်ခဲ့ချင်တာပဲ။ ဒါပေမဲ့ အချိန်အခါလို့ပဲ ပြောရမှာပေါ့။ လုပ်ဖို့စီစဉ်ခဲ့ပေမယ့် ဖြစ်မလာခဲ့ဘူး။ ကံအားလျော်စွာပဲ ပြီးခဲ့တဲ့ သုံး၊ လေးနှစ် လောက်မှာ စပြီးလုပ်ကြည့်တယ်။ အဲဒီမှာ ဒီ အရသာကို တွေ့တယ်။ အရင်တုန်း ကတည်းကလည်း ကောင်းမယ်မှန်း သိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဆိုတော် အများကြီးနဲ့ဆိုရ တာကို ငြီးငွေ့နေတာကြာပြီ။ ဘာကြောင့် တစ်ကိုယ်တော်ပွဲ လုပ်တယ်ဆိုတာလည်း ရှေ့မှာရှင်းပြခဲ့ပြီ။ တစ်ကိုယ်တော် ပွဲလုပ်တယ်ဆိုတာက အဆင့်တစ်ခုရောက်မှ လုပ်လို့ရတာ မျိုးပါ။ ကိုယ်ပိုင်သီချင်းတွေရှိမှ လုပ်လို့ ရတာဖြစ်တယ်။ လူတိုင်းလည်း လုပ်လို့မရပါဘူး။ တန်ဖိုးတရား တအားကြီးပါ တယ်။ ကိုယ်ပိုင်သီချင်း မရှိဘဲ တစ်ကိုယ်တော် လုပ်ပြန်တော့ လည်း ဒါက အဓိပ္ပာယ်မရှိပါဘူး။ အပုဒ် ၃ဝ ကျော်ဆိုတဲ့ အချိန်မှာ ကိုယ်ပိုင်သီချင်း အကုန်ပါဖို့လိုတယ်။ သူများ သီချင်းတွေနဲ့ပဲ
တစ်ကိုယ်တော် လုပ်တယ်ဆိုရင် ဒါကတော့ ဆိုပျော်တွေလည်း လုပ်လို့ရတာပဲ။ပေါက်ပြီး သားသီချင်း အပုဒ်တွေ ရွေးလိုက်မယ်။ လုပ်လို့ရတာပဲ။ ဒါပေမဲ့ အဲဒါမျိုးကိုတော့ ကျွန်တော် ရှက်တယ်။ အထူးသဖြင့် ကိုယ့် ပေါက်သီချင်း အများကြီးရှိရမယ်။ ဒါပေမဲ့ ဒီမှာတော့ လုပ်နေကြတာပါပဲ။ အရင်က ကျွန်တော် လုပ်ချင်ခဲ့ပေမယ့် ကိုယ့်ကိုယ်ကိုယ် ပြည့်စုံပြီလို့ မထင်သေးတာလည်း ပါတယ်။အခုတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်တီးဝိုင်းအနေနဲ့ ရှိလာပြီ။ အရင် ကလည်း လုပ်ခဲ့ပေမယ့်အကြောင်း အမျိုးမျိုးကြောင့် ပြိုကွဲ ခဲ့တယ်။အခုတော့ ကံကောင်းထောက်မစွာနဲ့ပဲ ကျွန်တော်နဲ့ စိတ်တူကိုယ်တူ ပလေယာတွေနဲ့ စုမိတယ်။ ဒါကြောင့် ရှေ့ ဆက်ပြီးလည်း ဒီတိုင်းသွားဖို့ ဆုံးဖြတ်ထားတယ်။ အဲဒါ ကျွန် တော့် အိပ်မက်ပါ” လို့ မာရဇ္ဇကပြောပြီး နောက်ပိုင်းမှာလည်း Break Through တီးဝိုင်းနဲ့အတူ အခြားတီးဝိုင်းများနဲ့ လည်းတွဲပြီး ဖျော်ဖြေပွဲကြီးများ ပြုလုပ်သွားဖို့အစီအစဉ်ရှိ တယ်လို့လည်း ဆိုပါတယ်။ မာရဇ္ဇက အခုအချိန်မှာ လူငယ်တွေ အနေနဲ့ ကိုယ်ပိုင်တီးဝိုင်းတွေများစွာ ပေါ်ထွက်လာတာကို ဝမ်းသာသလို သူကိုယ်တိုင်လည်း ပိုကြိုးစားရဦးမယ်လို့ဆို ပါတယ်။

” တအားကောင်းတယ်။ ကမ္ဘာမှာလည်း one band ပဲရှိတယ်။ band ကြီးတစ် band မှာ အဆိုတော်တွေ အများကြီးဆိုတာ ကျွန်တော်တို့ ဆီမှာပဲရှိတယ်။ ဒါကို မြေလှန်ချင်တာလည်း ကြာခဲ့ပြီ။ အခုဆို ကိုယ်ပိုင်တီးဝိုင်းလေးတွေ အများကြီးပေါ်လာတယ်။ အဲဒီအပေါ်မှာ ကြိုဆိုတယ်။ ဝမ်းသာတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်ဝိုင်းနဲ့ ကိုယ်ရပ်တည် နိုင်ဖို့ ကြိုးစားနေတုန်းပါပဲ။ ကျွန်တော် မအောင်မြင်သေးပါဘူး” လို့ မာရဇ္ဇက ပြောပြခဲ့ပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here