မြန်မာသံဆိုတာ သူ့ရေစီးနဲ့သူ အမြဲတမ်းရှင်သန် နေမှာပါပဲ မြန်မာသံ တေးသံရှင် ခင်ညွန့်ရည်

0
212

Khin Nyut Ye

မြန်မာသံတေးသံရှင် ခင်ညွန့်ရည်က လက်ရှိမြန်မာသံလောကအခြေအနေဟာ အားနည်းတဲ့ဘက်ကို ရောက်ရှိနေတယ်လို့ ဆိုပါတယ်။ မြန်မာ သံတေးသံရှင် တစ်ဦးဖြစ်တဲ့ ဟင်္သာတထွန်းရင် ဈာပနတုန်းကလည်း လိုက်လံ ပို့ဆောင်ပေးမှု နည်းပါးခဲ့တဲ့အပြင် ကူငွေထည့်ချင်ကြပေမယ့်လည်း ပိုက်ဆံကလည်း မထည့်နိုင်ကြဘူးလို့ မှတ်ချက်ပြုလည်း ဆိုပါသေးတယ်။ ဒါ့အပြင် မြန်မာသံအဆိုရှင်အများစုဟာ ဆင်းရဲတယ်လို့လည်း မှတ်ချက်ပြုဆိုပါသေးတယ်။ မြန်မာသံဆိုတာကတော့ ဘယ်သောအခါမှ တိမ်ကောပျောက်ကွယ်သွားမှာမဟုတ်ဘူးလို့လည်းဆိုပြီး တွံတေးသိန်းတန်ပြောခဲ့ဖူးတဲ့စကားတစ်ခွန်းလိုပဲ နွားလှည်းနဲ့လှေမပျောက်သရွေ့တော့ မြန်မာသံဆိုတာလည်း ဘယ်တော့မှပျောက်ပျက်သွားမှာမဟုတ်ပါဘူးလို့ သူကထောက်ပြ ဆိုပါတယ်။

” မင်္ဂလာဆောင်တွေမှာလည်း အခါတော်ပေးရင် မြန်မာသံနဲ့မှပေးလို့ရတယ်။ အောင်ဇေယျတုနဲ့ ပေးရတာဖြစ်တယ်။ အလှူတွေရှိရင်လည်း မြန်မာသံပါပဲ။ အခု ခေတ်မှာတော့ စတီရီယိုကလေးတွေလည်း ဆိုလာတာပေါ့ လေ။ အဲဒီတော့ မြန်မာအသံဟာ အားနည်းနေပါတယ်။ နောက်ပိုင်းမှာလည်း ဆက်စီးဆင်းနိုင်ဖို့ပဲ လိုပါတယ်” လို့ ဆိုပါတယ်။ သူ့အနေနဲ့လည်း အခုလက်ရှိ မြန်မာသံမှာ နာမည်ကြီးနေတဲ့ တေးသံရှင် မနောရဲ့တီထွင်ဆန်းသစ်မှုဟန်ကို သဘောကျမိတယ်လို့လည်း ဆိုပါတယ်။

” သူကလည်း မြန်မာသံပါပဲ။ ဒါပေမဲ့ အတီးအမှုတ်ပိုင်းမှာ ဆန်းသစ်ထားတယ်။ အမေတို့ကတော့ ကြိုဆိုနေတယ်။ မနောက မြန်မာသံဆုရသွားတော့ ဘယ်လိုဝမ်းသာမိမှန်းကိုမသိတာ။ သူ့ သီချင်းလေးတွေက ကျေးလက် ဒေသကို ဂုဏ်ပြုတာလည်းများတယ်။ သူတို့ခေတ်နဲ့ သူတို့ ဖြစ်လာပြီပေါ့”လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာသံဆိုတဲ့ဘောင်အတွင်းမှာပဲ လုပ်တဲ့သူတွေကလည်း ရှိနေမှာဖြစ်သလို မနောတို့လိုမျိုး မြန်မာသံကို ဆန်းသစ်လာတဲ့သူတွေလည်း ထွက်ပေါ်လာဦးမှာ ဖြစ်တဲ့အတွက် အဲဒီနှစ်ခုဟာ ယှဉ်တွဲသွားနေရမှာဖြစ် တယ်လို့လည်း မှတ်ချက်ပြုဆိုပါတယ်။

” အမေတို့တွေအနေနဲ့က ဆန်းသစ်လာတဲ့ မြန်မာသံတွေကိုလည်း ကြိုဆိုရမှာပါပဲ။ ထုံးစံအတိုင်း ရှေးမူအတိုင်းလာတဲ့ မြန်မာသံတွေကိုလည်း ကြိုဆိုနေ ရမှာပါပဲ။ အမေဆိုရင်လည်း ငယ်ငယ်ကတည်းက မြန်မာသံကိုပဲ သီဆိုချင် ခဲ့တဲ့ အညာသူတစ်ယောက်ပါ။ အမေက မြန်မာသံနဲ့ပဲ စဆိုခဲ့တယ်။ ဘိုသံ ဆိုရင် မဆိုချင်ဘူး။ စိတ်ထဲမှာကို မပါတာ။ မြန်မာသံအစစ်ကြီးတွေကိုပဲ သီဆိုလာခဲ့ တာ။ အဲဒီလိုနဲ့ အမေဟာ အခုထက်ထိကို မြန်မာသံသီဆိုတဲ့ အလုပ်နဲ့ပဲ ရပ်တည်နေခဲ့တာ။ မြန်မာသံကို အမေဆိုနိုင်သရွေ့၊ အမေ သက်ရှိ ထင်ရှားရှိနေသရွေ့တော့ မြန်မာသံကိုပဲ ဆိုနေဦးမှာ ဖြစ်တယ်။ မြန်မာသံလုပ်တဲ့ လူငယ်လေး တွေကိုလည်း အမေက ကြိုးစား ပြီး ပံ့ပိုးပေးမယ်။ ကူညီပေးရင်းနဲ့ပဲ သက်ထက်ဆုံးနေသွားမှာ ဖြစ်ပါတယ်” လို့ ပြောပြပေးခဲ့ ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here