တင်ဇာမော် က သူမရဲ့ ၇ ခွေ မြောက် စီးရီးသစ်ကို ဒ၇ဒ လို့ အမည် ပေးလိုက်ပြီ ဖြစ်ပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ထွက်ရှိ ဖြန့် ချိတော့မှာ ဖြစ်ပါတယ်။တင်ဇာမော်ရဲ့ စီးရီးသစ် ထဲမှာတော့ သီချင်း ၁ဝ ပုဒ် ပါဝင်မှာဖြစ်ပြီး အွန်လိုင်းက ဖြန့်ချိခဲ့တဲ့ “ဧည့်သည်” နဲ့ “ကိုယ့်မွေးနေ့” သီချင်း ၂ ပုဒ် လည်း ပြန်လည်ပါဝင်မှာ ဖြစ်ပါတယ်။
“တေးရေးတွေ ကတော့ ရွှေဂျော်ဂျော်၊ မြင့်မိုးအောင်၊ အယ်ဖြူ၊ မောင်မောင်ဇော် လတ်၊ မာတင်၊ ကောင်းဇော် ၊ အောင်ကိုမြင့် စတဲ့သူတွေရဲ့ သီချင်းတွေ ပါမယ်။ “ဧည့်သည်” နဲ့ “ကိုယ့်မွေးနေ့” ကို ပြန်ထည့်ဖြစ် တာက အဲဒီနှစ်ပုဒ်က အွန်လိုင်းပဲ ဖြန့်ခဲ့တာ။ အဲဒါက တကယ်တော့ ဒီစီးရီးထဲက နှစ်ပုဒ်။ ပရိသတ်ကို အရင် နားထောင်စေ ချင်လို့ ဖြန့်လိုက်တာ။ ဒါကို ပြန်ထည့်ထားပါတယ်” လို့ တင်ဇာမော် က ပြောပါ တယ်။ တင်ဇာမော်က သူမ ရဲ့ နောက်ဆုံး စီးရီးဖြစ်တဲ့ “ကြယ်စင် လို အချစ်များ” ကို ၂ဝဝ၂ ခုနှစ် ဝန်းကျင်မှာ ထွက်ရှိ ခဲ့တာကြောင့် အခုတစ်ခေါက် ထွက်ရှိမယ့် စီးရီးဟာ သူမရဲ့ ၁၄ နှစ်နီးပါး အကြာမှာ ပထမဆုံး ပြန်လည် ထွက်ရှိလာမယ့် စီးရီး ဖြစ်ပါ တယ်။ ဒီလို ကြာသွား ခြင်းကလည်း သူမ ပြည်ပကို ထွက်သွားတာနဲ့၊ မလုပ်ဖြစ်သေးတာ နဲ့ အကြောင်း အမျိုးမျိုးကြောင့် ဖြစ်တယ်လို့ သူမက ဆိုပါတယ်။
“ကြာတယ် ဆိုတာက မလုပ်ဖြစ်သေးလို့ပါ။ အခုတော့ ဒီစီးရီးကို အမြန်ဆုံး ထွက်ရှိနိုင်တော့မှာပါ။ ကျွန်မရဲ့ သီချင်း အသစ် မထွက်တာ ကြာပြီဖြစ်တဲ့ အတွက် ကျွန်မရဲ့ အမာခံ ပရိသတ်တွေလည်း စောင့် မျှော်နေမယ်လို့ ယုံကြည်ပါတယ်။ ကျွန်မရဲ့သီချင်းတွေကို ဒီနောက်ပိုင်း မှာ သတိထား မိလာတဲ့ ပရိသတ်တွေ အတွက်လည်း ဒါဟာ သီချင်းသစ်တွေ ဖြစ်ပါလိမ့်မယ်။ သီချင်းသစ် ဆိုပေမယ့် တချို့ သီချင်းတွေ ဆိုရင် ဆိုဖို့ စုထားတာ ၁၅ နှစ်နီးပါး ကြာပြီ ဖြစ်တဲ့ သီချင်းတွေလည်း ပါပါတယ်။ ပရိသတ်ကို အခုမှ ချပြခွင့်ရတဲ့ အခြေ အနေပေါ့။ အဲဒီအပေါ်မှာ စိတ်တိုင်း အကျဆုံးဖြစ်အောင် ကြိုးစားသီ ဆိုခဲ့တယ်။ ပရိသတ် ရင်ဘတ်နဲ့ ထပ်တူ ကျရင်တော့ အကောင်း ဆုံးပါပဲ” လို့ တင်ဇာမော် က ပြောပြခဲ့ပါတယ်။
ရဲရဲ၊
ဓာတ်ပုံ-အောင်ဇော်မင်း