နန့်ချစ်နဒီဇော် ရဲ့ ပ ထ မ ဆုံး ရုပ်ရှင်ဇာတ်ကား အတွေ့အကြုံ

0
226

Nant Chit (3) copy

အဆိုတော် နန့်ချစ်နဒီဇော်က ဒါရိုက်တာ ဝင်းလွင်ထက် ရိုက်ကူးတဲ့ ‘ဘယ်ရည်းစားကို အချစ်ဆုံးလဲ’ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ယောက်ျားတွေကို မုန်းတီးနေတဲ့ ညီအစ်မတွေထဲက ခင်နီလာအဖြစ် ပါဝင်သရုပ်ဆောင် ထားတာကို တွေ့ရပါတယ်။ ပထမဆုံး ဇာတ်ကားဖြစ်တဲ့အတွက် အဘက်ဘက်က စိုးရိမ်ခဲ့ရပြီး ငိုတဲ့ ဇာတ်ဝင်ခန်းက အခက်ခဲဆုံးပါလို့ နန့်ချစ်နဒီဇော်က ဆိုပါတယ်။

“ဒီဇာတ်ကားက နန့်ချစ် လွန်ခဲ့တဲ့ သုံးနှစ်က ရိုက်ကူးထားတဲ့ ပထမဆုံး ဇာတ်ကားပါ။ နန့်ချစ် ဘယ်သူနဲ့မှ တိတိကျကျသင်ထား တာလည်းမရှိဘူး။ ကိုယ့်ဘာသာကိုယ် ပဲ အရဲစွန့်ပြီးScript တွေ ကြိုဖတ်၊ ကိုယ်ပြောမယ့်စကားတွေ ကြိုတင် ကျက်ထားတယ်။ နန့်ချစ် အတွက် စိုးရိမ်ရတာတွေက အများကြီးပါ။ ကင်မရာကိုလည်း ကြောက်တယ်။ သရုပ်ဆောင်မကောင်းမှာကိုလည်း ကြောက်ခဲ့ပါတယ်။ ဒီဇာတ်ကားလေး ကFancy  လေးပဲဆိုတော့ နန့်ချစ် အတွက် မခက်ခဲ့ပါဘူး။ ဒရာမာ ဇာတ်ကားတွေဆိုရင်တော့ နန့်ချစ် လိုအပ်နေ ပါသေးတယ်။ ဒီဇာတ်ကားလေးမှာက နန့်ချစ် အတွက် အမှတ်တရတွေနဲ့ ပျော်စရာတွေ အများကြီးပါ။ ဇာတ် ကားကို ပြန်ကြည့်တော့ ကိုယ့်ရဲ့အားနည်းချက်တွေ၊ ကိုယ်စိတ် တိုင်းမကျတဲ့ အကွက်တွေကို တွေ့ခဲ့ရပါတယ်” လို့ နန့်ချစ် နဒီဇော်က ပြောပါတယ်။ ဆက်လက် ပြီး နန့်ချစ်နဒီဇော်က ‘ကံ ကံ၏အကျိုး’ ပညာပေးဇာတ်လမ်း တွဲမှာလည်း ပါဝင် သရုပ်ဆောင် ထားတယ်လို့ သိရပါတယ်။

 ကရင်တိုင်းရင်းသူတစ်ဦးဖြစ်တဲ့ နန့်ချစ် နဒီဇော်က ကရင်ဘာသာ စကား သီဆိုထားတဲ့ ‘အချစ်ဦး’ တေးအယ်လ်ဘမ်ကိုလည်း ထုတ်ဝေ ထားပါတယ်။ သီချင်းပုဒ်ရေ ၁ဝ ပုဒ် ပါဝင်တဲ့ ဒီအယ်လ်ဘမ်မှာ ကရင် သီချင်းချည်းသက်သက် ပြုလုပ်ဖြစ်ပုံနဲ့ ပတ်သက်ပြီး “နန့်ချစ်ရဲ့ အဖေ နဲ့ အမေ နှစ်ယောက်စကလုံးက ကရင် လူမျိုး တွေပါ။ အဲဒါကြောင့် နန့်ချစ် ကလည်း ကရင် သွေးပါပါတယ်။ နောက်ပြီး ပြီးခဲ့တဲ့နှစ် သြဂုတ် လတုန်းက နန့်ချစ် သြစတြေးလျကို ဖျော်ဖြေပွဲ သွားခဲ့တယ်။ အဲဒီမှာ နန့်ချစ်ရဲ့ ပရိသတ်တွေက ကရင် သီချင်းတွေ ဆိုပါလားလို့   ပြောပါ တယ်။ အဲဒါကြောင့် ဒီအခွေလေး ဖန်တီးဖြစ် တာပါ။ ရန်ကုန်မှာတော့ ဒီအခွေလေး ဖြန့် ပြီးသွားပါပြီ။ နယ်တွေကိုတော့ မရောက်သေး ပါဘူး” လို့ နန့်ချစ်နဒီဇော်က ပြောပါ တယ်။

နန့်ချစ်နဒီဇော်က သူ့ရဲ့ တစ်ကိုယ် တော်အခွေအတွက်လည်း ပြင်ဆင်နေပြီး Slow Rock ၊ Pop Rock နဲ့ EDM  ပုံစံ သီချင်းတွေ ထည့်သွင်းသွားမယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here