ငွေလိမ်ခံရသော ဆရာဝန်လောင်းများ Bairavaa

0
273

Vijay-Bairavaa-Movie-Postersဇာတ်ကားက ဒီနှစ်သစ်ရဲ့ ဇန်နဝါရီလ နောက်ဆုံးပတ်ထဲ မှာ ထွက်ရှိလာခဲ့တဲ့ အိန္ဒိယရုပ်ရှင် ဇာတ်ကား အသစ်စက်စက် တစ်ကား ဖြစ်ပါတယ်။ အခု နိုင်ငံတကာ ရုပ် ရှင်ရုံတွေ နဲ့ တစ်ပြေးညီ မြန်မာနိုင်ငံရဲ့ ရုံကြီးတွေမှာလည်း ပြသတော့မှာဖြစ် ပါတယ်။

အိန္ဒိယ ရုပ်ရှင်ရဲ့ ဘောလိဝုဒ် ဒါရိုက်တာ “ဘာရာသန်” က ရိုက်ကူးပြီး မင်းသားဂျိုးဇက်ဗီဂျေးက အဓိကဇာတ်ကောင် “ဘာရန်” အဖြစ် သရုပ်ဆောင်ပြီး သူနဲ့တွဲဖက် ထားတဲ့ မင်းသမီး နှစ်ယောက်ကတော့ “ကာတီဆူရက်စ်” နဲ့ “ပက်ရီဂို့ရှ်” တို့ ပဲဖြစ်ပါတယ်။ ဘာသာစကား ကတော့ အင်္ဂလိပ် စကားပြော မဟုတ်ဘဲ အိန္ဒိယ (တမီးလ်) ဘာသာစကား ဖြစ်ပါတယ်။ ဇာတ်လမ်းက သည်းထိတ်ရင်ဖို အက်ရှင် ဇာတ်ကြမ်း တစ်မျိုးလို့ ပြောလို့ရပါတယ်။

အိန္ဒိယရဲ့ မြို့ကြီးပေါ်မှာ ငွေကြေးဥစ္စာ အတွက်ဆိုရင် လောဘရမ္မက် အလိုကြီးမှုတွေ နဲ့ ဘဝကို ဖြတ်သန်းနေတဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက်ကို ဦးတည်ထားပါတယ်။ အတ္တ အလွန်ကြီးပြီး မသမာတဲ့ လုပ်ငန်းရှင်ကြီး အဖြစ်နဲ့ ရပ်တည်နေတဲ့ ရက်စက် သူကြီးပေါ့။ အောက်ခြေ လူတန်းစားနဲ့ ရိုးသားသူ တွေကို ကယ်တင်ရှင်ကြီး ပုံဖမ်းပြီး လှည့်စားကာ စီးပွား ရှာနေသူကြီးပေါ့။

တဖြည်းဖြည်း နာမည်ဆိုးနဲ့ ကျော်ကြား နေပေမယ့်လည်း သူ့ကို အပြစ်ရှာ အရေးယူလို့ မရဘူးဖြစ်နေ တယ်။ ဒေသအတွင်း နာမည်ဆိုး နဲ့ ကျော်ကြားတဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ အဲဒီပုဂ္ဂိုလ်ကြီး ရဲ့ ရက်စက် ယုတ်မာမှုတွေ၊ မကောင်းမှု ဖြစ်ရပ်မှန်တွေ ကို ဖော်ထုတ်မယ့်သူ တစ်ယောက် ရုတ်တရက် ပေါ်လာပါတယ်။ အဲဒီလူက အခြားမဟုတ်ဘဲ ကောလိပ် ကျောင်းသူဖြစ်နေပါတယ်။

ဒါကို ရိပ်မိသွားတဲ့ အဲဒီ အနှီပုဂ္ဂိုလ်ကြီးက ကောလိပ် ကျောင်းသူလေးကို နှုတ်ပိတ်ဖို့ အတွက် ကြိုးစား အားထုတ်ပါတော့တယ်။ ဒီကိစ္စကို ပဲလှော်ကြား ဆားညပ်သလို အကြင်နာ တရားရှိတဲ့ ဘဏ်ဝန်ထမ်း တစ်ဦးက လိုက်လံဖြေရှင်းရပြန်ပါတယ်။

အနာဂတ်အတွက် ရည်မှန်းချက် ကြီးမားစွာနဲ့ မရှိမဲ့ရှိမဲ့ ကုန်းရုန်းပြီး ကြိုးပမ်းနေကြ ရတဲ့ ဆေးကျောင်း သားတွေနဲ့ သူတို့ရဲ့မိဘတွေဆီ ကနေ ဒေါ်လာငွေတွေ သန်းနဲ့ ချီလောက်တဲ့အထိ လိမ်လည်ပြီး အကျင့်ပျက် စိတ်ဓာတ် အောက်တန်းကျလှတဲ့ စီးပွားရေး လုပ်ငန်း ရှင်ကြီးကို တိုက်ခိုက်ကြတဲ့ နေရာမှာ ဘဏ်ဝန်ထမ်း အေးဂျင့်နဲ့ သူ့ရဲ့ချစ်သူ မိန်းကလေး နဲ့အတူ သည်းထိတ်ရင်ဖို တိုက်ကွက်တွေနဲ့ ရင်ဆိုင် ကြရပုံကို ကြည့်ရှု ကြ ရမှာဖြစ်ပါတယ်။

သူတို့နေထိုင်တဲ့မြို့က “ချန်နိုင်း” လို့ အမည်ရှိတဲ့ မြို့ဖြစ်ပါတယ်။ ဘဏ်ဝန်ထမ်း အေးဂျင့်ရဲ့ အမည်က “ဘိုင်ရာဗာ” ပါ။ ချန်နိုင်းမြို့မှာ ရှိတဲ့ ICCI ဘဏ်က ဝန်ထမ်းပါ။ ဘိုင်ရာဗာဟာ တာဝန်အရ ကြွေးရှင်တွေဆီက ချေးငွေတွေကို ပြန်တောင်းတဲ့အခါ မျိုးတွေမှာ ရိုင်းရိုင်း စိုင်းစိုင်း ဘယ်တော့မှ မပြုမူဘဲ ယဉ်ယဉ်ကျေးကျေး ချိုချို သာသာနဲ့ နားလည် သဘောပေါက်အောင် ပြောဆို ဆက်ဆံလေ့ ရှိပါတယ်။ သူ့ရဲ့ ရင်ထဲမှာ ခံယူထား တာကလည်း ဘယ်အရာမဆို အမှန်တရား ဘက်က ရပ်တည်သင့်တယ် ဆိုတာပါပဲ။

တစ်နေ့တော့ ဘဏ်က မန်နေဂျာရဲ့သမီး မင်္ဂလာ ဆောင်မှာ “တီရာနဲဘယ်လီ” ခရိုင်အတွင်းက ဆေး တက္ကသိုလ် ကျောင်းသူ တစ်ဦး ဖြစ် တဲ့ “မာလာဗစ်တီ” ဆိုတဲ့ မိန်း မချော လေးနဲ့ ဆုံမိပြီး စွဲလမ်း နှစ်သက်သွားပါတယ်။

ချန်နိုင်းမြို့က မထွက်ခွာခင် အချိန်အတွင်း မှာ ဒီမိန်းကလေး ကို အမိအရ ချစ်ရေး ဆိုထားမှ ဖြစ် မယ်ဆိုပြီး သွားတဲ့ အချိန်မှာတော့ သူ့ချစ်သူ မိန်း ကလေးကို သတ်ဖြတ်ဖို့ ကြိုးစားနေတဲ့ အဖွဲ့တစ်ဖွဲ့ကို တွေ့လိုက်ရပါတယ်။

အဲဒါနဲ့ အဲဒီအဖွဲ့ရဲ့ နောက်ကို ခြေရာ ခံ လိုက်ခဲ့ရာကနေ တဖြည်းဖြည်း နဲ့ နောက်ကွယ်မှာ အလွန်ရှုပ်ထွေး တဲ့ ငွေကြေးမှောင်ခို လုပ်ငန်း ကြီး တစ်ခုကို တွေ့ကြုံလိုက်ရပါတယ်။ ဒါနဲ့ပဲ အဲဒီ ဂိုဏ်းကြီးကို ဖော်ထုတ်ဖို့ အကြောင်းဖန်လာ ပါတော့တယ်။ အဲဒီနောက်တော့.. ပရိသတ် တွေ အလွန်သဘောတွေ့ ဇာတ်ကားဖြစ်လို့ ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဦး။ မကြာ ခင် ရုံပေါ်ရောက်ပါတော့မယ်။

ဝင်းကိုမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here