ပျော်ရွှင်စရာသီချင်းလေး မင်းကိုဆိုပြမယ်

0
206

ven

သူတော်စင် ဗယ်လင်တိုင်းကို အစွဲပြုလို့ ရောမမြို့မှာ စတင်ခဲ့တဲ့ ဗယ်လင်တိုင်းဒေးလို့  အများသိကြတဲ့ ချစ်သူများနေ့ကတော့ မကြာခင် ရောက်လာပါလိမ့်ဦးမယ်။ ဒီလိုနေ့ မှာတော့ လူငယ်လူရွယ် ချစ်သူစုံတွဲ တွေက သူတို့ရဲ့ ချစ်သူခင်သူတွေနဲ့ အတူ စုံတွဲ လျှောက်လည်ကာ ကြည်နူး ဆွတ်ပျံ့ဖွယ် အထိမ်းအမှတ် နေ့ လေး တစ်နေ့အဖြစ်ဖန်တီးကြပါ တယ်။ မြန်မာပြည်မှာတော့ ဖေဖော် ဝါရီလဟာ ချစ်သူများနေ့ အပြင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပြည်ထောင်စုနေ့၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ စတဲ့ နေ့ထူးနေ့မြတ်တွေလည်း ရှိတာကြောင့် မတူညီတဲ့ ပွဲအခမ်းအနားများကို ပုံစံမျိုးစုံနဲ့ ကျင်းပကြပါတယ်။ ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင် ဆိုသလို နိုင်ငံတကာမှာ သတ်မှတ် ပြုလုပ် ထားတဲ့ ချစ်သူများနေ့မှာလည်း မြန်မာပြည်က လူငယ်များက ပါဝင်စီးမျောကြပြီး သူတို့ရဲ့ ချစ်ခြင်း တွေအတွက် အမှတ် တရနေ့လေး တစ်နေ့အဖြစ် လက်ဆောင်များ အပြန်အလှန်ပေးကြခြင်း၊ ချစ်သူ များနေ့ အထိမ်းအမှတ်
အမှတ်တရ အစီအစဉ်များ ပြုလုပ်ကြခြင်းတို့နဲ့ အတူ အနုပညာရှင်များကလည်း ချစ်သူများ နေ့ကို ရည်ရွယ်တဲ့ သီချင်းများ၊ ရုပ်ရှင် ဇာတ်လမ်း များကိုလည်း ဖွဲ့သီဖော်ကျူးကြပါတယ်။ နှစ်စဉ်လို လည်း ချစ်သူများနေ့ အတွက် ရည်ရွယ်တဲ့ သီချင်းစီးရီး များ ထွက်ရှိခဲ့ပြီး ၁၉၉၆ ခုနှစ် ဝန်းကျင် ကာလများက ထွက်ရှိခဲ့တဲ့ “တို့ရဲ့ချစ်သူများနေ့” စီးရီးက ထင်ရှားအောင်မြင်တဲ့ စီးရီး တစ်ခွေ ဖြစ် ပါတယ်။ နောက်ပိုင်း နှစ်ကာလများမှာလည်း ပေါ် ထွက်ခဲ့တဲ့ စုံတွဲ တေးတွေက သာမန်နေ့တွေ အတွက် သာမက ချစ်သူ များနေ့ရောက် တိုင်းလည်း ဒီလို စုံတွဲတေးသံတွေ လွင့်ပျံ မြဲဖြစ် ပါတယ်။ အခုနှစ် ၂ဝ၁၇ ခုနှစ် ချစ်သူများနေ့ မတိုင်မီ မှာလည်း အဆိုတော် ဖြိုးပြည့်စုံက အမျိုးသမီး တေးသံရှင် ၁၂ ဦးနဲ့အတူ “အချစ်များစွာနဲ့” ဆိုတဲ့ စီးရီးကို ထွက်ရှိထားပါတယ်။ ဇန်နဝါရီလထဲမှာ ထွက်ရှိခဲ့တဲ့ “အချစ်များစွာနဲ့” စီးရီးနဲ့ ပတ်သက်ပြီး ဖြိုးပြည့်စုံက..

” ဒီစီးရီးလေးက Valentine Present (ချစ်သူများနေ့ လက်ဆောင်) လေးလို ဖြစ်သွားမှာဖြစ်တဲ့အတွက် စီးရီးခွေထွက်ရှိပြီးချိန်မှာ ကိုယ့် ချစ်သူအချင်းချင်း လက်ဆောင် ပေးတဲ့အခါမှာလည်း အချစ်များစွာနဲ့ လက်ဆောင်ပေးတယ်ပေါ့။ အဲဒီလို အဓိပ္ပာယ်လေးပါ” လို့ ပြောပါတယ်။ ကြည်နူးဆွတ်ပျံ့ ဖွယ် အချစ် သီချင်းလေးများဟာ ချစ်သူတို့ ရဲ့ဘဝကို ပုံဖော်ဖွဲ့သီထားတာကြောင့် ဒီလို ချစ်သူများနေ့ဟာ အချစ်သီချင်းများနဲ့ ထုံမွှမ်းနေတဲ့ နေ့လေးတစ်နေ့လည်း ဖြစ်မှာပါ။ ဒီနေ့အတွက် သီးသန့်ရည်ရွယ်စပ်ဆိုကြတဲ့ သီချင်းတွေလည်း ရှိသလို အချို့သီချင်းများကလည်း ချစ်သူများနေ့နဲ့ လိုက်ဖက်မှုရှိနေ ပြန်ပါတယ်။ ဥပမာ-တေးရေး R ခိုင် ရေးပြီး R ဇာနည်နဲ့ ဝိုင်းစုခိုင်သိန်းတို့ သီဆိုကြတဲ့ “လိုက်ဖက်တဲ့ဘဝ” တို့လို အချစ်စုံတွဲသီချင်းများကလည်း ချစ်သူစုံတွဲတို့ကြားမှာ အထူး ရေပန်းစားပါတယ်။ ဂီတဟာ လူသားတိုင်းရဲ့ စိတ်နှလုံးကို ရသ အမျိုးမျိုး ပေးစွမ်းနိုင်တဲ့ သတ္တိရှိတဲ့ အားလျော်စွာ ကြည်နူးဖွယ် အချစ်သီချင်းလေးများဟာလည်း ချစ်သူတို့ရဲ့ ချစ်ခြင်း ရင်ခုန်ခံစားမှု အဖုံဖုံကို ဒီသီချင်း လေးများက တစ်ဆင့်ပေးစွမ်း နိုင်ပါတယ်။ ဒီလိုပါပဲ။ နောက်နှစ်နောက်နှစ်တွေ အတွက် ချစ်သူများ နေ့ဆို တာက လည်း နှစ်တိုင်းလိလိုဖြစ် တည်ရှိလာဦး ဦးမှာဖြစ်ပြီး ချစ်သူ စုံတွဲတွေဟာလည်း တိုးပွားလာဦးမှာ ဖြစ်ပါတယ်။ အချစ်သီချင်းသံတွေလည်း လွင့်ပျံ နေဦးမှာ ဖြစ်ပါတယ်။ ချစ်သူများ နေ့ရဲ့ သီချင်း စီးရီးများလည်း ထွက်ရှိနေဦးမှာဖြစ်ပါတယ်။ ချစ်ခြင်းတွေဟာလည်း ဆက်လက်နုပျို ရှင်သန်လျက်တည်ရှိနေဦးမှာ ဖြစ်ပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here