အခက်အခဲတွေ ကြားထဲက ကျင်းပခဲ့ရတဲ့ ကူးဆက်ရောဂါသင့် နာဂလူမျိုးများ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင် ရေး ရန်ပုံငွေပွဲ

0
297

naga

မော်ဒယ် သရုပ်ဆောင် မာရီကိုးလ် ဦးစီးကျင်းပခဲ့တဲ့ ကူးစက် ရောဂါသင့် နာဂလူမျိုးများ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး ရန်ပုံငွေပွဲကြီးကတော့ ဇန်နဝါရီလ ၂၈ ရက်နေ့ညက အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ ပွဲကိုတော့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်အားပေး ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ရန်ပုံငွေ ပွဲတော်ကြီးမှာရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ရာမှာတော့..

” ကျွန်တော်တို့နိုင်ငံမှာ အခက်အခဲဖြစ်နေတဲ့ နာဂတောင်တန်း ဒေသမှာရှိတဲ့ မိဘပြည်သူတွေ၊ ကလေးငယ်တွေရဲ့ဘဝ ပြန်လည် ထူထောင်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက် ကြတဲ့ ဒီအခမ်းအနားလေးမှာ စကားပြောခွင့်ရတဲ့အတွက် အထူး ဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားအားလုံး တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် ဖေးမလက်တွဲ ရင်း ယဉ်ကျေးမှုထုံးတမ်းစဉ်လာတွေ ထိန်းသိမ်းကြရင်း ဒီမိုကရေစီ ပြည်ထောင်စုကြီးဆီကို ဦးတည်သယ် ဆောင်သွားနိုင်ဖို့ ဝိုင်းဝန်းကြိုးပမ်း ကြပါစို့လို့ ပြောကြားချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ နာဂရိုးရာ ရန်ပုံငွေပွဲမှာတော့ နာဂရိုးရာ အက အဖွဲ့များရဲ့ ရိုးရာဓလေ့ ထူးခြား ဆန်းပြားတဲ့ အကအလှဖျော်ဖြေမှု များ၊ နာမည်ကြီးမော်ဒယ်များရဲ့ နာဂရိုးရာဝတ်စုံဖက်ရှင် ဝတ်ဆင် ပြသမှုအပါအဝင် သရုပ်ဆောင်နဲ့ အဆိုတော်များဖြစ်ကြတဲ့ ဇော်ပိုင်၊ သာဒီးလူ၊ မင်းသွေး၊ ချစ်စနိုးဦး၊ ဆုပန်ထွာ၊ စိန်လင်း၊ ထွန်းကိုကို စတဲ့ အနုပညာရှင်များကလည်း ဖျော်ဖြေ တင်ဆက်ခဲ့ကြပါတယ်။ နာဂရိုးရာ ရန်ပုံငွေပွဲကို စီစဉ်သူ မာရီကိုးလ် ကတော့ ရန်ပုံငွေပွဲကျင်းပရခြင်းအကြောင်းကို အခုလိုပြောပြတာက

” ဒီပွဲလေးလုပ်ရတဲ့အခါမှာ အခက်အခဲတွေ အများကြီးရှိပါတယ်။ အခက်အခဲတွေကြားထဲကပဲ မဖြစ်ဖြစ်အောင် ကြိုးစားခဲ့ရတာဖြစ်ပါတယ်။ သမီးတို့ နာဂဒေသက အစစအရာရာ ဖွံ့ဖြိုးတိုးတက်မှု တအားနှောင့်နှေးတဲ့ဒေသ ဖြစ်ပါ တယ်။ အဲဒီလို ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးတဲ့ဒေသမှာပဲ ဒီကပ်ရောဂါစဖြစ်တဲ့အချိန်မှာ သမီးစိတ်ထဲ တအား စိတ်မကောင်းဖြစ်မိပါတယ်။ အဲဒီအတွက်လည်း တိုးတက်စေချင် တဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲကိုလုပ်ဖြစ်တာပါ” လို့ ပြောပါတယ်။ နာဂ ကပ်ဘေးသင့်ပြည်သူများအတွက် ကျင်းပတဲ့ ရန်ပုံငွေဖျော်ဖြေပွဲမှာတော့ အလှူရှင်များက အလှူငွေအသီးသီး ထည့်ဝင်လှူဒါန်းခဲ့ကြသလို ရရှိတဲ့ အလှူငွေများကိုလည်း နာဂဒေသမှာ လိုအပ်တဲ့နေရာဒေသ တွေမှာ လှူဒါန်းမှုပြုလုပ်သွားမှာ ဖြစ်ကြောင်းသိရပါတယ်။

သတင်း၊ ဓာတ်ပုံ
မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here