ပိုက်ဆံရှိလို့ စီးရီးခွေထွက်တာ မဟုတ်ပါဘူးဆိုတဲ့ 5 Star အဖွဲ့ရဲ့ တေးစီးရီး အကြောင်း

0
175

5 Stars (3)

အနုပညာလောကမှာ စည်းလုံးညီညွတ်မှုတွေနဲ့အတူ ဆယ်စုနှစ်တစ်ခုကြာသည့်တိုင်အောင် ဖြတ်သန်းလာနိုင်ခဲ့တဲ့ လူရွှင်တော်အဖွဲ့ကတော့ 5 Starအဖွဲ့ပဲဖြစ်ပါတယ်။ အခုနှစ်ဆိုရင် 5 Star အဖွဲ့က ၁ဝနှစ်ပြည့်ခဲ့ပြီလည်းဖြစ်ပါတယ်။ သူတို့ရဲ့ ၁ဝနှစ်ပြည့် အမှတ်တရအနေနဲ့ တေးစီးရီးအခွေတစ်ခွေထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ စီးရီးခွေရဲ့နာမည်ကိုတော့ 5 Star Today ဆိုပြီး အမည်ပေးထားပါတယ်။ သီချင်းအားလုံး ၁၂ ပုဒ် ပါဝင်မှာဖြစ်ပြီး အဖွဲ့လိုက်သီချင်း တွေလည်း ပါဝင်မှာဖြစ်သလို တစ်ယောက်ချင်းစီ သီဆိုထားတဲ့ တေးသီချင်းအပုဒ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ မြူးဇစ်အမျိုး အစားတွေကတော့ Rock, Pop , Hip Hop အမျိုးအစားတွေကို နားထောင်ရမှာဖြစ်ပါတယ်။ စီးရီး ခွေ ထွက်ရှိနိုင်ဖို့အတွက် သူတို့ အဖွဲ့ကြိုးစားခဲ့ရတာ ၂ နှစ်ကြာမြင့် ခဲ့ပါတယ်။

” ဒီစီးရီးခွေက ကျွန်တော်တို့ ၅ ယောက်ရဲ့ မှတ်တိုင်လေးစိုက်ထူတဲ့ ပွဲလေးဖြစ်ပါတယ်။ စီးရီးခွေထွက်ရှိဖို့ ကြိုးစားခဲ့ရတာ အခက်အခဲတွေ အများကြီးပါပဲ။ ကျွန်တော်တို့အနေနဲ့ ပိုက်ဆံရှိလို့ လုပ်ကြတာတော့ မဟုတ်ဘူး။ ကျွန်တော် လက်ရှိခရီး တွေသွားရင် စီးသွားတဲ့ အဖွဲ့ရဲ့ကား လေးကို ပေါင်နှံပြီးတော့ လုပ်ကြတာပါ။ ကျွန်တော်တို့က ကျွန်တော် တို့ချစ်တဲ့ ပရိသတ်တွေကို ရသအသစ်တစ်ခု ထပ်ကျွေးချင်တာပါ။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ ဒီအခွေက ရောင်းရငွေထဲကနေ အရင်းကိုဖယ်ပြီး မြတ်တဲ့အမြတ်ထဲ ကနေ ၁ ရာခိုင်နှုန်းကို ပြန်လည် လှူဒါန်းမယ်။

သိန်း ၁ဝဝ ရောင်းရရင် မြတ်မြတ်၊ ရှုံးရှုံး ၁ဝ သိန်းလှူမယ်။ ဒါကြောင့် အော်ရီဂျင်နယ်အခွေတွေကို အားပေးကြပါလို့ ပြောချင်ပါတယ်” လို့ 5 Star အဖွဲ့မှ ကိုအောင်သော်က စီးရီးခွေနဲ့ပတ်သက်ပြီးပြောပါတယ်။ စီးရီးခွေကိုတော့ စိုးမိုးသန်း၊ မှော်ရှင်၊ ထိန်လင်းတို့က ရေးသားထားပြီး 5 Star အဖွဲ့မှ လူရွှင်တော် မျောက်ရှုံးကလည်း “မှော်ရှင်” ဆိုတဲ့ နာမည်နဲ့ တေးသီချင်းတွေ ရေးသားထားပါသေးတယ်။ စီးရီးခွေရဲ့ MTV ကိုတော့ ဒါရိုက်တာမောင်သီ၊ ကျော်ထူး၊ ယုန်လေး၊ ပိုင်ဇေသော်၊ နောက်တိုး၊ ရဲထွဋ်တို့က ရိုက်ကူးထားပါတယ်။ ဒီအထဲမှာလည်း လူရွှင်တော် အောင်သော်က ပိုင်ဇေသော် နာမည်နဲ့ ဒါရိုက်တာအဖြစ် ၃ ပုဒ်ရိုက်ကူးထားပါတယ်။

” ဒီစီးရီးခွေလေးက ကျွန်တော်တို့ ဟာသအနေချည်းပဲ လုပ်ထားတာ မဟုတ်ပါဘူး။ ပျော်စရာ၊ ရွှင်စရာ လေးတွေနဲ့လည်း ရိုက်ကူးထားတယ်။ အပြုသဘောလေးတွေ ဆောင်ပြီး စာသားလေးတွေ ရေးထားတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ဘဝအကြောင်းတွေ ရေးထားတယ်။ ဒီအခွေလေးက ပရိသတ်အတွက် တစ်စုံတစ်ရာ၊ တစ်ခုခုတော့ Message ရောက်မယ်လို့ ထင်ပါတယ်။ ဒီစီးရီးခွေလေးထွက်ရှိလာရင် ကျွန်တော်တို့ကိုအားပေးပါ၊ အကဲ ဖြတ်ပေးပါလို့ ပြောချင်ပါတယ်” လို့ 5 Star အဖွဲ့မှ ကြာစိက ပြောပါတယ်။ အခွေထွက်ရှိခြင်း ပရိုမိုးရှင်းအနေနဲ့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့၊ ရန်ကုန်မြို့၊ ဒဂုံစင်တာမှာလည်း ညနေ ၃ နာရီမှ ၆ နာရီအထိ 5 Star အဖွဲ့က စီးရီးခွေလာရောက်ဝယ်ယူ အားပေးကြမယ့် ပရိသတ်များကို အမှတ်တရ လက်မှတ်ရေးထိုးပေးခဲ့ ကြသလိုတေးသီးချင်းများနဲ့လည်း သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

သတင်း၊ ဓာတ်ပုံ- လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here