မြန်မာပေါကားရပ်လို့ ပြောတာ ဟာသကားတွေရပ်လို့ပြောတာ မဟုတ်ဘူးဆိုတဲ့ ဒါရိုက်တာ ပြည်ဟိန်းသီဟ

0
389

Pay Heain Thiha

ဒါရိုက်တာ ပြည်ဟိန်းသီဟက လူမင်း၊ ကျော်ကျော်ဗို၊ ရွှေမှုန်ရတီ၊ ခင်လှိုင်၊ ဒိန်းဒေါင်တို့နဲ့အတူ “ဖေ့စ်ဘုတ် ဘုရင်မ” ဟာသရုပ်ရှင်ဇာတ်ကား ရိုက်ကူးနေပါတယ်။ ၂ဝ၁၇ ခုနှစ်အတွင်းမှာလည်း ဟာသရုပ်ရှင်ဇာတ်ကားတွေပဲ ရိုက်ကူးဖြစ်သွားမယ်ဆိုတဲ့ ဒါရိုက်တာ ပြည်ဟိန်း သီဟက ၂ဝ၁၆ ခုနှစ်အတွင်းမှာ ဖြစ်ခဲ့တဲ့ မြန်မာပေါကား များရပ်ဆိုတဲ့ လှုပ်ရှားမှုနဲ့ပတ်သက်ပြီး မှတ်ချက်ပြုစကားကို အခုလိုပဲ ဆိုပါတယ်။

” မြန်မာပေါကားများရပ်ဆိုတဲ့ Group ပေါ်လာတုန်းက ရှင်းရှင်းပြောရရင် စိတ်မဆိုးပါဘူး။ သူပြောတာက ရှင်းပါတယ်။ မြန်မာပေါကားများရပ်လို့ပဲပြောတယ်။ ဟာသကားတွေရပ်လို့ ပြောတာမဟုတ်ဘူး။ ဟာသ ဒါရိုက်တာတွေအနေနဲ့ ကိုယ့်ဇာတ်ကားလေးကို မပေါ အောင် ဂရုစိုက်ပြီး ရိုက်ကူးလို့ရတယ်” လို့ ပြောတဲ့ ဒါရိုက်တာပြည်ဟိန်းသီဟက သူရိုက်ကူးခဲ့တဲ့ “မင်းလည်း ဘိုကေ ငါလည်းဘိုကေ” ရုပ်ရှင်ဇာတ်ကားက အောင်မြင်မှုအတိုင်းအတာတစ်ခုလည်း ရရှိခဲ့ပါတယ်လို့ ပြော ပါတယ်။

” ကျွန်တော်ရိုက်ကူးခဲ့တဲ့ “မင်းလည်းဘိုကေ ငါလည်းဘိုကေ” ဟာသရုပ်ရှင်ဇာတ်ကားဆိုရင် ပရိသတ်အများဆုံးလက်ခံခဲ့တဲ့ ဟာသဇာတ်ကားတစ်ကားပါ။ ၂ဝ၁၆ ခုနှစ်မှာ ပြသခဲ့တဲ့ ဇာတ်ကားတွေထဲမှာ ဝင်ငွေစံချိန်အများဆုံးရခဲ့တဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကားက ဟာသဇာတ်ကားဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်အနေနဲ့ အကယ်ဒမီမျှော်မှန်းထားတာတော့ မရှိပါဘူး။ ဒါပေမဲ့ အပြောင်းအလဲတစ်ခုအနေနဲ့ ဘယ်လိုဖြစ်လာမလဲ တော့ မပြောတတ်ဘူး။ ဒီဇာတ်ကားက ပရိသတ်အားပေးတဲ့ ဇာတ်ကားဖြစ်ခဲ့တဲ့အတွက် ဒါကိုပဲ ကျွန်တော်တို့က အဓိကထားသွားတာပါ။ အကယ်ဒမီရခြင်း၊ မရခြင်းကို တော့ စိတ်ထဲမထားပါဘူး။ ကျွန်တော့် အနေနဲ့ ဟာသ ဇာတ်ကားရိုက်ကူး ဖြစ်တာက ကျွန်တော့်ရဲ့အဘိုးက ဒါရိုက်တာ ဘိတ်ကလာတဲ့ငံပြာရည် ဟာသဒါရိုက်တာဖြစ်တဲ့အတွက် အဘိုးရဲ့အမွေကို ဆက်ခံတဲ့သဘောနဲ့ ဟာသဇာတ်ကားတွေပဲ ရိုက်ကူးဖြစ်တာပါ။ နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံမှာ လူတန်းစားအရ မပြေလည်တဲ့ လူတန်းစားများတယ်။ အခြေခံလူတန်းစား တွေက ပင်ပန်းမှုတွေကို ပြေပျောက်စေတဲ့ ဟာသဇာတ်ကားတွေကို ကြည့်ကြတယ်။ ကျွန်တော့်အသက် ၂ဝ လောက်က ဒါရိုက်တာစလုပ်တယ်။ အဲဒီအချိန်လောက် က အောင်မြင်မှုတော့ မရသေးဘူး။ ကိုယ့်ကိုယ်ကိုယ်လိုသေးတယ်ဆိုပြီး သုံးသပ်ပြီးတော့ ကြားထဲမှာ နားလိုက်တယ်။ လိုသေးတဲ့အပိုင်းတွေကို လေ့လာပြီး “ပြိုင်ကား” ဒီဗီဒီရုပ်ရှင်ဇာတ်ကားရိုက်ကူးခဲ့တယ်။ ဒီဇာတ်ကားကလည်း အတိုင်းအတာတစ်ခုထိ အောင်မြင်ခဲ့တယ်။ အဲဒီကနေတစ်ဆင့် ကြိုးစားရင်းနဲ့ ဒီနေ့အချိန်ထိ ပြည်ဟိန်းသီဟဆိုတဲ့ နာမည်နဲ့ ရပ်တည်နိုင်ခဲ့တယ်” လို့ ပြောပြခဲ့ပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here