ဘယ်သူမဆို အရင်းနှီးဆုံးနဲ့ အချစ်ရဆုံး သူငယ်ချင်းတွေ ကိုယ်စီရှိခဲ့ကြမှာက အမှန်ပဲဖြစ်ပါတယ်။ တစ်ရပ်တည်းနေ၊ တစ်နှစ်တည်းဖွား ငယ် သူငယ်ချင်းတွေရယ်၊ တစ်ကျောင်း တည်းတက်၊ တစ်တန်းထဲ အတူတူ စာသင်ခဲ့ကြရတဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေရယ်လို့ ရှိတတ်ကြ ပြီး သူငယ်ချင်းတို့အကြား ဘဝ အတွက် အရေးကြီးဆုံးအရာတွေ ရော၊ အကောင်း အဆိုး ဟူသမျှတွေ ပါ ကိုယ်စီရင်ဖွင့်တိုင်ပင်တတ်ကြရာ ရင်ခုန် သံချင်း နီးစပ်ကြတဲ့ သူငယ် ချင်း မိတ်ဆွေစစ်စစ်လည်း ရှိကြပါ တယ်။ သူငယ်ချင်းတို့ဆိုတာ နှစ်ဦး အကြားမှာ ချစ်ခြင်း မေတ္တာတရားကို သစ္စာတည်လှစ်တဲ့ သံယောဇဉ် နှောင်ကြိုး ရစ်ဖွဲ့ကြရာ ပုံရိပ်ရှင် နှစ်ဦးလို့ ပြောရင်ရ ပါတယ်။ ဒါကြောင့် ငယ်ဘဝကနေ ဖြတ်သန်း လာခဲ့ပြီး ဆယ်ကျော်သက် အရွယ် ကျော်လွန်ကာ လူငယ်ဘဝကို ရောက်ရှိနေကြပြီဖြစ်တဲ့ အနုပညာ ရှင်တို့ရဲ့ သူငယ်ချင်းများနဲ့ ရင်ခုန်သံ အမှတ်တရအကြောင်း မေးမြန်းကာ စုစည်းဖော်ပြလိုက်ပါတယ်။
ဟန်သီ
ငယ်ငယ်တည်းက ဟန်သီ ကျောင်းခဏခဏ ပြောင်းဖြစ်တော့ သူငယ်ချင်းတွေနဲ့ အမြဲတမ်း ကွဲကွဲသွားတယ်။ ခြောက်တန်းကနေ ဆယ်တန်းအထိကတော့ ဟန်သီ MRSM မှာတက်တယ်။ ခြောက်တန်းကတည်းက သူငယ်ချင်းတွေကတော့ အခုထိ ဟန်သီနဲ့ တွဲနေကြတုန်းပါပဲ။ ဟန်သီတို့ ခြောက်တန်းတုန်းက အတန်းထဲမှာ မိန်းကလေး ၅ယောက်ပဲရှိတယ်။ ဒီ၅ယောက်ပဲ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်သွားတာပါ။ ဆင်တူပစ္စည်း ဝယ်ရင်လည်း ကိုယ့်အမှတ်အသားလေးနဲ့ ဆင်တူ ၅ခုဝယ်တယ်။ အင်္ကျီ ဆင်တူလေးတွေဝတ်တယ်။ ဘယ်သွားသွား၊ ဘာလုပ်လုပ် အတူတူပဲ။ မှတ်မှတ် ရရ ကျောင်းကပွဲတွေမှာလည်း သီချင်းတွေ ဆိုကြတယ်။ အမှတ်တရပေါ့။ အခုလည်း ဟန်သီ MIC မှာ Business Management တက်နေတယ်။ အခုလည်း သူငယ်ချင်း ၃ ယောက်အဖွဲ့လေးရှိတယ်။ နေ့တိုင်း ကျောင်းမှာ တွေ့ဖြစ်တယ်။ Library မှာ စာအတူတူကျက်ကြတယ်။ အပြင်သွားတယ်။ မုန့်စားတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း ဖေးမကူညီ တယ်။ ဟန်သီတို့ ကျောင်းက Library မှာ မဟုတ်ရင် ပြည်သူ့ရင်ပြင်မှာဆို တွေ့ကြတယ်။ ဟန်သီကလည်း သူငယ်ချင်းတွေကို တတ်နိုင်သလောက် ကူညီသလို သူတို့ကလည်း ဟန်သီကို ကူညီကြပါတယ်။ အနုပညာလောကမှာဆိုရင်တော့ အိန်ဂျယ်လမုန်တို့ ဂျူးစံသာတို့နဲ့ အမြဲတွဲဖြစ်ပါတယ်။
နန်းသူဇာ
သူငယ်ချင်းဆိုတာကတော့ ဘဝမှာမရှိမဖြစ်ပါ။ မရှိမဖြစ်ဆိုတာက အနားမှာအမြဲရှိရမယ်လို့ မဆိုလိုပါဘူး။အခုဆို နန်းသူဇာတို့ ငယ်ငယ်ကတည်းက သူငယ်ချင်းတွေရှိပါ တယ်။ အဖွဲ့လေးတောင် ဖွဲ့ထားပါသေး တယ်။ သရဲလေးကောင်ဆိုပြီး တော့။ သူတို့ ၃ယောက်ဆိုရင် အခုဆိုအလုပ်တွေ ကိုယ်စီရပြီး မတွေ့ဖြစ်တာဆို တစ်နှစ်လောက်ရှိပြီ။ ဒါပေမဲ့ တစ်ခါ တလေကျရင် ဖုန်းနဲ့ဆက်သွယ်တာရှိတယ်။ အွန်လိုင်းမှာ အမြဲအဆက်အသွယ် ရှိတယ်။ စကားအမြဲပြောဖြစ်တယ်။ အဲဒီလိုပေါ့။ သူငယ်ချင်းဆိုတာအနားမှာ အမြဲရှိရမယ်တော့ မဟုတ်ဘူးပေါ့နော်။ ကိုယ့်စိတ်ထဲမှာ တကယ်ရှိပြီး ကိုယ်နဲ့ စိတ်တူလို့ရှိရင် နန်းသူဇာအတွက်တော့ ပေါင်းလို့ ရတယ်။ စိတ်အမှန်နဲ့ပေါ့။ သူငယ်ချင်းမှာမှ ထပ်ပြီးကွဲသွားတာပေါ့နော်။ ငယ်ငယ်ကပေါင်းတဲ့ သူငယ် ချင်းနဲ့ အလုပ်မှာပေါင်းတဲ့ သူငယ်ချင်း။ နန်းသူဇာဆိုရင် အနုပညာ အလုပ်ဆိုတော့ ရုံးအလုပ်တော့ မဟုတ်ပေမယ့် အလုပ်မှာရတဲ့ သူငယ်ချင်း ဆိုတော့လည်း ကိုယ့်ခံစားချက်၊ သူ့ခံစားချက်၊ ကိုယ့်အလုပ်၊ သူ့အလုပ်တူတဲ့ အတွက် ပေါင်းဖြစ်ပြန်ပါတယ်။ ဘာပဲပြောပြော သူငယ်ချင်းကောင်းဆိုတာ ရှိတာကောင်းပါတယ်။
ပိုးအိအိခန့်
ပိုးအိဘဝမှာ ငယ်စဉ်ကာလ သူငယ်ချင်းတွေရဲ့ အမှတ်တရက များခဲ့တယ်။ အနုပညာလောကထဲ ရောက်တော့ တွဲသွားတွဲလာလုပ်တဲ့ သူငယ်ချင်း တွေ သိပ်မရှိဘူး။ မခင် လို့တော့ မဟုတ်ပါဘူး။ အကုန်လုံးက အလုပ်တွေနဲ့ ရှုပ်နေကြလို့ပါ။ သူငယ်ချင်းဆိုတာက ကိုယ့်ဘဝအတွက် အရေးပါပါတယ်။ ကိုယ် အားငယ်ရင် သူတို့က အားပေးဖော် ရတယ်။ တစ်ခါတလေ သူငယ်ချင်း က ကိုယ့်မိဘတွေထက် အရေးပါတဲ့ နေရာတွေရှိတယ်။ ကိုယ်ကလည်း သူငယ်ချင်းတွေအားငယ်ရင် ပြန်ပြီး နှစ်သိမ့်ပေးတာ မျိုးတွေ ရှိတယ်။ ကူညီပေးတာတွေလည်း ရှိပါတယ်။
ထားထက်ထက်
ထားထက်တို့ ကျောင်းတက်ရတဲ့ University က ၅ နှစ်ဆိုတော့ သူငယ်ချင်းတွေနဲ့ အမှတ်တရကတော့ အများကြီးပါပဲ။ ထားထက်တို့ သူငယ်ချင်းတွေက တစ်ယောက်နဲ့ တစ်ယောက်နဲ့တစ်ယောက် ပုံစံလေး တွေ မတူကြဘူး။ အရပ်ရှည်တဲ့သူက ရှည်၊ ပုတဲ့သူက ပုတယ်။ အသား မည်းတဲ့သူ၊ ဝတဲ့သူ၊ ဆိုဒ်စုံဂိုက်စုံလေးတွေ ရှိကြတယ်။ အချင်းချင်း လည်း စကြ၊ နောက်ကြ တယ်။ အတန်းလစ်မယ်ဆိုရင်လည်း အားလုံးက လစ်ကြတယ်။ ညီကြတယ်ပေါ့နော်။ အုပ်စုလိုက်အခြားအဖွဲ့တွေကို လိုက်စကြတယ်။ စာမေးပွဲနီး ရင်တော့ တစ်ယောက် ယောက်အိမ်မှာ စာတွေဝိုင်းစုပြီး ကျက်ကြတယ်။ ထားထက်တို့ သူငယ်ချင်းအဖွဲ့ရဲ့ အမှတ်တရအဖြစ်ဆုံးကတော့ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ကြ၊ စိတ်ဆိုးကြတာပါ။ အခုအချိန်မှာတော့ အဲဒါလေး တွေကို ရယ်စရာအဖြစ် ပြန်သတိရနေမိပါတယ်။ အဲဒီသူငယ်ချင်းတွေနဲ့ အခုအချိန်နမှာ ပြန်ဆုံချင်ပါသေးတယ်။ မဆုံဖြစ်တာတော့ တအားကြာနေပါပြီ။ သူငယ်ချင်းအားလုံးကို လွမ်းနေပါတယ်။ သတိရပါတယ်။
မေနန္ဒာကျော်
ညီမ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှာ သရုပ်ဆောင် သင်တန်းတက်တုန်းက သူငယ်ချင်းတွေနဲ့ အမှတ်တရ ဖြစ်ခဲ့တာလေးတွေကို ပြောပြ ချင်ပါ တယ်။ သင်တန်း စတက်တုန်းကတော့ တစ်ယောက်မှ မသိကျတော့ ခပ်တည်တည်တွေပဲ နေကြတယ်။ ခင်လည်း မခင်ကြဘူး။ ရက်နည်းနည်း ကြာလာတော့ တစ်ယောက်အကြောင်း တစ်ယောက် သိလာကြပြီး ခင်လာ ကြတယ်။ စနောက်လာကြတယ်။ စနောက် တာမှ ကိုယ်မခံနိုင်အေင်ကို စကြ တယ်။ မုန့်တွေ အတူတူ သွားစားကြတယ်။ ကစားကြတယ်။ ပြီးတော့ အတူတူ သရုပ်ဆောင် ကြရတဲ့အခါကျတော့လည်း ဝိုင်းစ ကြတယ်။ ပြီးတော့ အမှတ်တရအဖြစ် ဆုံးက သင်တန်းဆင်းပွဲမှာ ကိုယ်ဝတ်ထားတဲ့ အင်္ကျီတွေမှာ အမှတ်တရ လက်မှတ်ထိုးကြတဲ့ ပွဲလေးလည်း တအားကို ပျော်စရာကောင်းပါတယ်။ သင်တန်း ကာလလေးမှာ ခင်သွားကြတယ်ဆိုပေမယ့် တကယ့်ငယ်သူငယ်ချင်းတွေလို ခင်မင်မှုမျိုးပါ။ အင်မတန်ပျော်ဖို့ ကောင်းပါတယ်။ အခုအချိန်ထိလည်း လွမ်းပါတယ်။ သူငယ်ချင်းတွေက ကိုယ့်မှာ စိတ်ညစ် စရာတွေ ကြုံလာရင်လည်း တချို့သူငယ်ချင်းတွေက ပိုပြီး စနောက်တာ ရှိသလို၊ တချို့သူငယ်ချင်းတွေက ဖြေသိမ့်ပေးတာတွေရှိပါတယ်။ သူငယ်ချင်းတွေ ရှိခြင်းဟာ အင်မတန်ကို ကောင်းပါတယ်။ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာတွေကို မျှဝေခံစားလို့ရပါတယ်။
ပေါ်ပြူလာ