နှစ်ပေါင်း ၃၅ နှစ်ကျော်အထိ သူငယ်ချင်းသက်တမ်း ရှည်ကြာလာတဲ့ မန္တလေး သိန်းဇော် နဲ့ နန်းဝင်း

0
185

SAung Par

သဘင်မင်းသားကြီးနှစ်ဦးဖြစ်တဲ့ မန္တလေးသိန်းဇော်နဲ့ ဦးနန်းဝင်းတို့ သူငယ်ချင်းနှစ်ဦးက ၁၉၈ဝ ခုနှစ်ကာလကနေ သူငယ်ချင်းအဖြစ် ခင်မင်ရင်းနှီးလာ ခဲ့ကြတာ အခုအချိန်အထိပါပဲ။ ဦးနန်းဝင်းငယ်စဉ်က မင်းသားဘဝ မှာ ပန်းချီပညာကို ဦးမောင်မောင် လှမြင့်ဆီမှာသင်ကြားရင်းနဲ့ မန္တလေး သိန်းဇော်နဲ့ စတင်ရင်းနှီးခဲ့ တာဖြစ် ပါတယ်။ ၈၈ အရေးအခင်းပြီးတဲ့ ကာလမှာတော့ သူတို့ သူငယ်ချင်း နှစ်ယောက်ပူးပေါင်းပြီး တစ်ဇာတ်တည်းမှာ ကပြဖြစ်ခဲ့ကြပါ တယ်။

” ပျော်စရာကောင်းတယ်။ အဲဒီကာလက ညပွဲမိန့်မရဘူး။ သူငယ်ချင်း နှစ်ယောက် နေ့ပွဲတွေ ကကြတော့တာပေါ့။ မှတ်မှတ်ရရ သူနဲ့ကတာ အအောင်မြင်ဆုံးက ဘဘဦးသုခရဲ့ “ဂုဏ်ရည်မတူ” ဆိုတဲ့ ပြဇာတ်ပဲ။ အဲဒီပြဇာတ်မှာ သူက ပေါက်စီနေရာမှာကတယ်။ မယ်သုံ နေရာမှာက နန်းခင်မွှေးပေါ့။ဦးကတော့ ဘဘဦးသုခ နေရာမှာ ကတယ်။ နန်းဝင်း၊ နန်းခင်မွှေး၊ သိန်းဇော် ဆိုတော့ ပရိသတ်တွေက သဘောကျတော့တာပေါ့။ ဒါလေးကလည်း ဦးတို့အတွက် အမှတ်တရပါပဲ။ အဲဒီလိုနဲ့ ဦးဇာတ်နဲ့ သူလိုက်ရင်း လိုက်ရင်းနဲ့ နောက်ပိုင်းမှာ ဦးက သိန်းဇော်၊ နန်းဝင်းဆိုပြီးတော့ ဇာတ်ထောင်လိုက်တယ်။ ဦးက သူငယ်ချင်းကိုချစ်တော့ နန်းဝင်းတို့ အဖွဲ့ဆိုတဲ့ ဇာတ်နာမည်ကိုဖြုတ်ပြီးတော့ သိန်းဇော်၊ နန်းဝင်းဆိုပြီး နာမည်တပ်ပြီး ကကြတယ်။ အဲဒီလို တွဲကခဲ့တာ ၂ နှစ်လောက်ကြာခဲ့တယ်။နောက်ပိုင်းမှာ သူက ကိုယ့်ဘာသာ ကိုယ် ဇာတ်ထောင်ဖြစ်တယ်” လို့ မန္တလေးသိန်းဇော်နဲ့ ပတ်သက်လို့ ဦးနန်းဝင်းက ပြောပါတယ်။ မန္တလေးသိန်းဇော်နဲ့ ဦးနန်းဝင်းတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ကတော့ ၁၉၉၆ ခုနှစ် မှာ စင်ကာပူဖျော်ဖြေရေးကို သွား ရောက် ဖျော်ဖြေခဲ့ကြပြီး ဒီခရီးစဉ်မှာ ဦးချမ်းသာလည်း ပါပါတယ်။ ဒုတိယမြောက်ခရီးစဉ်ကတော့ ထိုင်း နိုင်ငံ ဖြစ်ပြီး အခုနှစ် ၂ဝ၁၇ ခုနှစ်ထဲ မှာလည်း အမေရိကကို သူငယ်ချင်း နှစ်ယောက် ဖျော်ဖြေရေးသွားရောက် ကြဦးမှာ ဖြစ်ပါတယ်။ သူတို့သူငယ်ချင်းနှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက်သဘောထား ချင်းလည်း တိုက်ဆိုင်ကြပြီး ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင်လည်း ဖြစ်ကြတယ်လို့ ဦးနန်းဝင်းက ထပ်ပြောပြပါတယ်။

” ဒီလောက်နှစ်တွေကြာလာတာက တစ်ယောက်နဲ့တစ်ယောက်တန်ဖိုးတွေကို သိကြလို့ပဲ။ ဥပမာ-ပွဲတစ်ပွဲမှာ ဦးက ဦးဆောင်ပြီး ကရမယ်ပေါ့။ အဲဒီအခါ သူက ကိုယ့်ကို Respect ပေးတယ်။ တစ်ယောက်နဲ့ တစ်ယောက် အဲဒီလိုနားလည်မှု တွေနဲ့ပေါ့။ နောက်တစ်ခုက တအား ထူးခြားတယ်။ ဆရာတူတပည့် ဖြစ်နေကြတယ်။ ဦးတို့နှစ်ယောက် စလုံးက ကွယ်လွန်သွားပြီဖြစ်တဲ့ စောင်းဆရာကြီး ဦးမြင့်မောင်ရဲ့ တပည့်တွေဖြစ်တယ်။ ခေါင်းပေါင်း ပေါင်းတာ၊ ပြောတာ ဆိုတာကအစ ဦးတို့နှစ်ယောက်တူတယ်။ ရင်ဘတ်ချင်းတူတဲ့အတွက် ပေါင်းလို့ရတာပါ” လို့ သူငယ်ချင်းနှစ်ယောက်ရဲ့သက်တမ်းရှည်ကြာမှုကို ဦးနန်းဝင်းက ပြောပြခဲ့ပါတယ်။

လက်ရှိမှာလည်း မန္တလေး သိန်းဇော်နဲ့ ဦးနန်းဝင်းတို့က မြန်မာနိုင်ငံသဘင် ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌ နဲ့ အတွင်းရေးမှူးအနေဖြင့် တာဝန်ယူကာ သဘင့်အကျိုးကို ဆောင်ရွက် လျက် ရှိပါတယ်။ သူတို့ နှစ်ဦးအနေနဲ့ မြန်မာ့ ဇာတ် သဘင်နဲ့ ပတ်သက်ပြီး အတွဲ ညီညီ လုပ်ဆောင် နေပြီး မကြာခင်က ပြုလုပ်ခဲ့တဲ့သဘင် ဟောပြောပွဲမှာလည်း သူတို့ရဲ့ ဘဝအတွေ့အကြုံတွေနဲ့ ယှဉ်ကာ မျိုး ဆက်သစ်သဘင်လူငယ်များအတွက် နည်းနာယူသင့်ဖွယ်ရာများကို ပြောကြားပေးခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here