အမေရိကမှာ ဒါရိုက်တာပညာကို ၃လသွားသင်မယ့် ဒါရိုက်တာ ပွင့်သီင်္ဂီဇော်

0
94

Director pwint thigin zaw

ဒါရိုက်တာကိုဇော်(အရုဏ်ဦး) ရဲ့ အနုပညာအမွေကို ဆက်ခံပြီး ဒါရိုက်တာတစ်ဦးအနေနဲ့ အနုပညာလောကထဲ ဝင်ရောက်လာသူကတော့ သမီးဖြစ်သူပွင့်သိဂီဇော် (အရုဏ်ဦး) ပဲဖြစ်ပါတယ်။ ဒါရိုက်တာပွင့်သိဂီဇော်က ဖခင်ဖြစ်သူရဲ့ ရိုက်ကွင်းတွေကို လိုက်ကြည့်လေ့လာရင်း ဒါရိုက်တာပညာကို စတင်သင်ယူကာ အခုဆိုရင်တော့ ဗီဒီယိုနဲ့ရုပ်ရှင် ဇာတ်ကားများစွာကို ရိုက်ကူးနေရပြီဖြစ်ပါတယ်။ သူ့အနေနဲ့ ပရိသတ်တွေကို ရိုမန့်စစ်စစ်ဇာတ်ကားတွေ ရိုက်ကူးပြချင်ပေမယ့်လည်း ဈေးကွက်အခြေအနေအရ ပရိုဂျူဆာတွေ တောင်းဆိုတဲ့ ဟာသဇာတ်ကားတွေကို ရိုက်ကူးမှုများပြားနေကြောင်းပြောပါတယ်။ ဒါရိုက်တာ ပွင့်သိဂီဇော်က ၂ဝ၁၇ နှစ်ကုန်ပိုင်းမှာ ဒါရိုက်တာပညာကို အမေရိကန်နိုင်ငံမှာသွားရောက်ပညာသင်ကြားဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

” ပွင့် ဒီနှစ်ကုန်ရင် အမေရိကမှာ ကျောင်းသွားတက်ရောက်ဖို့ စီစဉ်ထားတယ်။ ၃လလောက်ပါပဲ။ အဲဒီအခါကျရင် ပွင့်စာတွေ့တွေလက်တွေ့တွေ ပိုပြီးသိလာပြီပေါ့။ အခုအချိန်ပွင့်မှာ စာတွေ့တွေလက်တွေ့တွေမရှိဘူး။ ကိုယ့်ဘာသာကိုယ် စာအုပ်တွေ ရှာဖတ်ရတာပဲရှိတယ်။ အဖေသင်ပြပေးတာရယ်၊ ကိုယ့်အတွေ့အကြုံအရသိတာ ရယ်၊ နိုင်ငံခြားဇာတ်ကားတွေ ကြည့်ရှုတဲ့ဟာလောက်ပဲ ပညာရှိတယ်။ အခု ပွင့်က ရိုက်ကွင်းပေါ်မှာ စက်အဖွဲ့ဆီကအစ ပညာလိုက်ယူတယ်။ မီးထိုးတာကအစ လေ့လာ တယ်။ နောက်ပိုင်းကျရင်တော့ ပိုလည်းကောင်းအောင် ပရိသတ်နဲ့လည်း အကြိုက်ထပ်တူညီအောင် လုပ်ဆောင်သွားဖို့ရှိပါတယ်” လို့ပြောပါတယ်။ ဒါရိုက်တာတစ်ဦးအနေနဲ့ ရပ်တည်ခဲ့တာ အခုဆိုရင် ၃နှစ် ရှိပြီဖြစ်ပြီး ဖခင်ကလည်း ဒါရိုက်တာတစ်ဦးဖြစ်တဲ့အတွက် အနုပညာလောကထဲကို ဝင်ရောက်ရတာလွယ်ကူခဲ့တယ်လို့ဆိုပါတယ်။

” တကယ်ကတော့ အဖေ့မျက်နှာကြောင့် စစချင်းဗီဒီယိုတွေရိုက်ကူးတော့ ခွင့်ပြုပေးခဲ့တာပါ။ သူ့သမီး ဆိုပြီး နေရာပေးကြတာပေါ့။ အဲဒီလိုကျတော့ ပိုပြီး တော့ လုပ်ရတာလွယ်တယ်ပေါ့။ တအားကြီးတစိမ်း တော့ မဆန်နေဘူး။ အနုပညာရှင်တွေနဲ့ကလည်း အရင်ကတည်းက ရင်းနှီးခဲ့တာဆိုတော့ လွယ်ကူခဲ့တယ်လို့ ပြောရမှာပါ” လို့ပြောပါတယ်။ မကြာမီမှာလည်း သူ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်ပြသတော့မှာဖြစ်ပြီး ပရိသတ်ကြိုက်နှစ်သက်မယ့် ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးသွားဖို့ရှိ ကြောင်း ပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here