ကျွန်တော့်အနေနဲ့ နောက်ပိုင်းကျရင်တော့ ပွဲတွေအများကြီး မကပြဖြစ်လောက်တော့ဘူး ဖိုးချစ်

0
108

Phoe Chit

ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ မွေးနေ့ရှင်ဖိုးချစ်က သူ့ရဲ့မွေးနေ့အမှတ်တရအလှူပြုလုပ်ဖို့စီစဉ်ထားပါတယ်။ မွေးနေ့အလှူအဖြစ် မိဘမဲ့ကလေးများကျောင်းတွေကို အဓိကထား လှူဒါန်းဖြစ်မှာဖြစ်ပြီး လှူဒါန်းမယ့်နေရာကိုတော့ စဉ်းစားနေ တယ်လို့ ပြောလာပါတယ်။ ဒီနှစ်မွေးနေ့မှာ သူ့စိတ်ထဲမှာ ပြောချင်၊ ဖြစ်ချင်နေတဲ့ မွေးနေ့စကားကိုလည်း မေးမြန်းဖြစ်တဲ့ အခါမှာတော့ ” ကျွန်တော့်အနေနဲ့ နောက်ပိုင်းကျရင်တော့ ပွဲတွေအများကြီး သိပ်မကပြဖြစ်လောက်တော့ဘူး။ ကျွန်တော် ပွဲနားခဲပါတယ်။ ဆက်တိုက်ကပြရတာများပါတယ်။ အခုတော့ ပွဲနားဖို့အထိပါ တွေးထားတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကပြခဲ့တာတွေလည်းများပြီ။ ဆက်တိုက် ဆက်တိုက်တွေ မနားမနေပါပဲ။ အနုပညာတွေ ကိုတော့ အကန့်အသတ်နဲ့လုပ်ဖို့ရှိမယ်။ ပြီးတော့ မိသားစုတွေနဲ့ ပရိသတ်တွေရဲ့ မေတ္တာတရား၊ ကျေးဇူး တရားကို ကျွန်တော်လုံးဝမမေ့ပါဘူး။ သူတို့ကြောင့်သာ ကျွန်တော်ရပ်တည်ခွင့်ရတာပါ”လို့ ပြောပါတယ်။ ပွဲတွေကို အများကြီးမကပြ ဖြစ်တော့မယ့်အကြောင်းက လူမှုရေးနဲ့ ဘာသာရေးဘက်တွေကို အာရုံစိုက်ချင်လို့လား ဒါမှမဟုတ် ဘယ်လိုအကြောင်းအရာတွေကို လုပ်ချင်မိလို့လဲလို့ မေးတဲ့အခါမှာတော့..

” ဒီအချိန်မှာတော့ အစအဆုံးကြီး ပြောဖို့ခက်ပါတယ်။ကျွန်တော့်ရဲ့ စိတ်ခံစားမှုကို အာရုံပြန်စိုက်ရမယ့် အနေအထားဖြစ်လာတာပေါ့။ ကျွန်တော့်ရဲ့ ပန်းတိုင်တွေက ဘာလဲဆိုတာ ပြန်တွေးရတော့မယ်။ လူမှု ရေးလုပ်ငန်းဆိုရင်လည်း လူမှုရေးလုပ်ငန်းပေါ့။ ဘာသာရေးဆိုရင်လည်း ဘာသာရေးပေါ့။ ဝါသနာပါတဲ့အလုပ်နဲ့ ဝမ်းစာရှာဖွေနေတယ်ဆိုပေမယ့် ကိုယ်တိုင် စိတ်ချမ်းသာဖို့နဲ့ လူပီသတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် အချိန်တွေယူကြရတော့မှာဖြစ်တယ်” လို့ ဖိုးချစ်က ပြောပါတယ်။ ဒီနှစ်ပိုင်းတွေမှာ ဖိုးချစ်အနေနဲ့ ပွဲဆက်တွေ တအားများခဲ့ရပြီး ကျန်မာရေးအရ နေထိုင်မကောင်းမှုတွေတောင် ရှိခဲ့ပါတယ်။ ဒါကြောင့် ကျန်းမာရေးအရ အနားယူချင်တာ ကြောင့်လည်း ပါနိုင်လားလို့ သူ့ကိုမေးတဲ့အခါမှာတော့..

” ကျန်းမာရေးဆိုတာ အစားထိုးလို့မရဘူး။ ကိုယ်ဖြစ်တာ လည်း သူခံပေးလို့မရသလို သူဖြစ်တာကိုလည်း ကိုယ်ခံပေးလို့မရဘူး။ ကိုယ်ဖြစ်ကိုယ်ခံပဲ။ ကိုယ်ရောက်ချင်တဲ့ ဆီသွားကြ၊ လုပ်ကြရင်းနဲ့ ကျန်းမာရေးတွေ ပျက်စီးလာတာ မသိသာခဲ့ကြဘူး။ တကယ်ဖြစ် လာတဲ့အခါမှသာ ဖြစ်ကြတာ။ ကျွန်တော်ဆိုရင် မျက်လုံးကို ဘောလုံးမှန်တဲ့အချိန်မှာ တစ်ချိန်တွေးမိတယ်။ မမြင်တော့ရင် ဘယ်လိုလုပ်မလဲပေါ့။ မြင်နေတုန်းက တန်ဖိုး သိပ်မသိကြဘူး။ မျက်လုံးကို ဘောလုံးမှန်တဲ့အချိန်မှာ အဲဒီမျက်လုံးကဘာမှ မမြင်ရ တော့ဘူး။ အဲဒီလို မျက်လုံးသိပ်မကောင်းဘဲနဲ့ ကျွန်တော်ပွဲကခဲ့တာ။ ဘယ်သူမှတောင် သိပ်မသိလိုက်ကြဘူး။ အဲဒီတော့ တခြားကိစ္စတွေ အတွက်လည်း အချိန်ပေးဖို့လိုလာပြီ လို့ ကျွန်တော်မြင်လာတယ်။ အနုပညာအလုပ်လုပ်တာတော့ လုပ်တာပေါ့လေ။ ဒါကြောင့် အကန့်အသတ်လေးနဲ့လုပ်သွားဖို့ စဉ်းစားတာပါ” လို့ သူကပြောလာပါတယ်။ဖိုးချစ်အနေနဲ့ တစ်နှစ်ကို ဇာတ်ပွဲချီ ညပေါင်း၂ဝဝ နဲ့ ၂၅ဝလောက် ကပြနေခဲ့ရတာဖြစ်ပြီး သူ့အတွက် အိပ်ချိန်ရှားပါးမှုလည်းဖြစ်လာခဲ့ပြီး မအားလပ်မှုတွေကြောင့် ဝါသနာပါလွန်းတဲ့ ဘောလုံး တောင် မကန်ဖြစ်တာ တော်တော်ကြာခဲ့ပြီလို့လည်း သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here