၆၄ ကြိမ်မြောက်ကျင်းပမယ့် ၂ဝ၁၆ခုနှစ်၊ မြန်မာရုပ်ရှင်ထူးချွန်ဆု ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို မတ်လ၁၈ရက်နေ့ ပြည်သူ့ ရင်ပြင်မှာ ကျင်းပပြုလုပ်မှာဖြစ်လို့ ရွှေတိဂုံဘုရားကြီး နောက်ခံပြုကာ ကျင်းပခွင့်ရတာ မို့ မြန်မာ့ရုပ်ရှင်သမိုင်းမှာရော၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အနေနဲ့ပါ သမိုင်းမှတ်တမ်း သစ်ရေးထိုးခွင့်ရရှိမယ့် အကယ်ဒမီနှစ်တစ်နှစ်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ၂ဝ၁၆ခုနှစ် အကယ်ဒမီဆုစာရင်းဝင် ဇာတ်ကား ၃၃ကားရှိခဲ့ပြီး အဆိုပါ ဇာတ်ကားများမှ အကယ်ဒမီဆု ရရှိသူတို့ အနေနဲ့လည်း သမိုင်းမှတ်တမ်းသစ်တင်မှုမှာ ပါဝင်နိုင်ကြမှာမို့ ထူးခြားတဲ့ အကယ်ဒမီနှစ်တစ်နှစ်လို့ ဆိုရမယ်ဖြစ်ပါတယ်။ ဒါကြောင့် အကယ်ဒမီဆုပေးပွဲမတိုင်ခင် ပရိသတ်တွေ တစ်ကြိုပေးထား ခံနေကြတဲ့ သရုပ်ဆောင် အနုပညာရှင်များနဲ့ ဇာတ်ကားများက ၂ဝ၁၆ခုနှစ် အကယ်ဒမီဆုပေးပွဲ အခမ်းအနားမှာ ပရိသတ်တွေ ရင်ခုန်သံနဲ့ ထပ်တူကျစွာ အကယ်ဒမီရွှေစင်ရုပ်တုဆုရရှိသွား မလားဆိုတာကလည်း ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းနေတာမို့ ပရိသတ်တစ်ကြိုပေးခံရတဲ့ သရုပ်ဆောင် အနုပညာရှင်တို့ရဲ့ ရင်ခုန်သံစကားသံများကို စုစည်းဖော်ပြလိုက်ရပါတယ်။
အစ်မရိုက်ကူးခဲ့တဲ့ ဇာတ်ကားတိုင်း စိတ်နှစ်ထားတဲ့အတွက် ရင်ခုန်ပါတယ်။
ဝါဝါအောင်
အစ်မကတော့ ပါဝင်ခွင့်ရတဲ့ ဇာတ်ကားတိုင်းကို ဇာတ်လမ်းကာရိုက်တာနဲ့ ကိုက်ညီ အောင် ကိုယ့်ဘက်က အပီပြင်ဆုံး သရုပ်ဆောင်ပါတယ်။ အစ်မရဲ့ ပထမဆုံး အကယ်ဒမီ ကလည်း ဇာတ်ကားနဲ့ အံဝင်ခွင်ကျ ဖြစ်ခဲ့တဲ့အတွက် ထူးချွန်ဆုရရှိတာပါ။ အဲဒီအကယ်ဒမီ ဇာတ်ကားက ဒရာမာဆိုတော့ ပရိသတ်က ကြည့်ဖြစ်ကြတာပေါ့။ အခုကျတော့ “ဘွန္တော ကြက်သူခိုး” ဆိုရင် ခေါင်းစဉ်နဲ့တင် ဟာသလို့ ထင်ကြပါတယ်။ နာမည်နဲ့တင် မကြည့်ဖြစ်မှာစိုးလို့ပါ။ ဒီဇာတ်ကားမှာ ကျေးလက်သဘာဝ စရိုက်တွေလည်း ပါဝင်ပါတယ်။ သတင်း တွေကြားနေရတာက တချို့ဇာတ်ကားတွေဆိုရင် မကြည့်ဖြစ်ဘူးလို့တောင် ကြားရပါတယ်။ အစ်မကတော့ ရုပ်ရှင်ဇာတ်ကားတိုင်းကို တစ်ကားမကျန် ကြည့်စေချင်တယ်။ ဇာတ်ကားကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ဒီဇာတ်ကားထဲမှာပါတဲ့ ဇာတ်ပို့တွေက ဇာတ် ကားအတွက် ဘယ်လောက်အထိ ပို့ထားတယ်ဆိုတာတွေကိုပါ အားလုံးကြည့်ပြီးမှ ဆုံးဖြတ်စေချင်ပါတယ်။ ဒါဟာ နောက်အသစ်အသစ်သော ဇာတ်ပို့တွေအတွက်လည်း အခွင့်အရေးရှိလာအောင်လို့ပါ။ အစ်မကတော့ အစ်မရိုက်ကူးခဲ့တဲ့ ဇာတ်ကားတိုင်း စိတ်နှစ်ထားတဲ့ အတွက် ရင်ခုန်ပါတယ်။
အနုပညာမောင်နှမတွေထဲက ဘယ်သူပဲရရ ကိုယ်ကတော့ အားပေးဖို့တက်မှာပါ…
အိန္ဒြာကျော်ဇင်
အမှန်က ဒီနှစ်က အစ်မဇာတ်ကား အကယ်ဒမီဝင်စရာ ဘာဇာတ်ကားမှ မရှိဘူး။ ဒါပေမဲ့ “နှင်းဆီပန်သူ” ပရိုဂျူဆာက ဒီနှစ်ထဲကို ဝင်အောင်ဆိုပြီး တင်လိုက်တယ်ထင်တယ်။ အဲဒါကြောင့် ဒီနှစ် အကယ်ဒမီစာရင်းထဲပါသွားတယ်။ အဲဒါကလည်း ပရိုဂျူဆာမှန်းတာက ဂီတဆုတို့ ဇာတ်ကားဆုတို့ကြောင့် မှန်းတယ်ထင်ပါတယ်။ အစ်မကတော့ မဖြစ်နိုင်ပါဘူး။ အစ်မကတော့ ကိုယ့်ရဲ့ အနုပညာမောင်နှမတွေထဲက ဘယ်သူပဲရရ ကိုယ်ကတော့ အားပေးဖို့တက်မှာပါ။ ကြားတာတော့ နီးလို့ရှိရင် အများကြီးပဲ ပြောကြတာပဲ။ အခုအစ်မကြားတာတော့ ကစ်ကစ်ကိုလည်း ကြားပါတယ်။ သက်မွန်ကိုလည်း ကြားပါတယ်။ မင်းသားတွေက ထွန်းထွန်း၊ မြင့်မြတ်တို့လည်း ကြားတယ်။ ဘယ်သူပဲရရ အားပေးမှာပါ။
ပရိသတ်က မေတ္တာတရားနဲ့ ကိုယ့်အတွက် ရင်ခုန်ခွင့်ပေးတာနဲ့တင် တအားပျော်ပြီး ကြည်နူးနေပါပြီ…
အေးမြတ်သူ
အကယ်ဒမီအတွက် အမှန်အတိုင်းပြောရရင် ဘာမှမပြင်ဆင်ရသေးဘူး။ နှစ်တိုင်းလည်း အန်တီပေါက် (မိုးကုတ်ပေါက်ပေါက်) က အမြဲတမ်းစီစဉ်ပေးတယ်ဆိုတော့ ဘာမှဝင်ပြီးမစွက်ဖက်ဘူး။ ဘာမှလည်း ဝင်မပြောတော့ အန်တီပေါက်ကလည်း သူကြိုက်တဲ့ဒီဇိုင်း၊ သင့်တော်မယ့်ဒီဇိုင်း အမြဲတမ်းစီစဉ်ပေ တယ်။ မိတ်ကပ်ကတော့ အန်တီပေါက်ဆီကထွက်လာတဲ့ ဝတ်စုံနဲ့ လိုက်ဖက်မယ့် ဆံပင်ထုံးဖွဲ့မှုနဲ့ မိတ်ကပ်အပြင်အဆင်ကို အန်တီညီမောင်က စီစဉ်မှာပါ။ လက်ဝတ် ရတနာကို She Shine က ပေးမယ်ဆိုတော့ အေးမြတ်သူက ဘာမှ သိပ်စီစဉ်စရာမရှိပါဘူး။ ဒီနှစ်မှာ ပရိသတ်က မေတ္တာတရားနဲ့ ကိုယ့်အတွက် ရင်ခုန်ခွင့်ပေးတာနဲ့တင် တအားပျော်ပြီး ကြည်နူးနေပါပြီ။ အေးမြတ်သူက ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရတာနည်းတဲ့ မင်းသမီးပါ။ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးရတာ များပါတယ်။ ဒီနှစ်မှာတော့ ကိုယ့်ဇာတ်ကားတွေ အများကြီးပါသွားတယ်။ ဟာသဇာတ်ကားတွေရော၊ ဒရာမာ ဇာတ်ကားတွေရော၊ ဘဝသရုပ်ဖော် ဇာတ်ကားတွေရော အများကြီးပါတယ်။ အိမ် ထောင်ရေး ဇာတ်လမ်းလည်းပါတယ်။ ကာရိုက်တာမတူတဲ့ ဇာတ်ကောင်တွေ လုပ်ခွင့်ရခဲ့တယ်။ အေးမြတ်သူ အရင်နှစ်တွေက လိုပဲ ရင်ခုန်ပါတယ်။ ကိုယ့်ညီအစ်ကို မောင်နှမတွေ ကိုယ်စားရင်ခုန်တယ်။ ဒီနှစ်ကတော့ ကိုယ့်အတွက် ရင်ခုန်သံမြန်တဲ့ နှစ်ပေါ့။ ကိုယ့်အတွက်ရော၊ ကိုယ့်အစ်ကို၊ အစ်မတွေအတွက်ရော နှစ်ဆ ပိုပြီး ရင်ခုန်ပါတယ်။
ပရိသတ်က ဒီလိုပြောတာလေးနဲ့တင် ညီမအတွက် ကြိုးစားဖို့အားတွေ အများကြီးရှိသွားပါပြီ…
ပိုင်ဖြိုးသု
ညီမလိုအနေအထားနဲ့ အကယ်ဒမီဆိုတာ အလှမ်းဝေးပါသေးတယ်။ မှန်းလည်းမမှန်းရဲပါဘူး။ ကိုယ့်ရှေ့မှာ တကယ့် သမ္ဘာရင့်ဝါရင့်၊ တအားတော်တဲ့ အနုပညာရှင်ကြီးတွေရှိတဲ့အတွက် မမှန်းရဲပါဘူး။ ဒါပေမဲ့ ပရိသတ်က ဒီလိုပြောတာလေးနဲ့တင် ညီမ အတွက် ကြိုးစားဖို့အားတွေ အများကြီးရှိသွားပါပြီ။ ဘာဖြစ် လို့လဲဆိုတော့ ညီမကအသစ်ဖြစ်တဲ့အတွက် လိုအပ်ချက်တွေ အများကြီးရှိသေးတယ်။ လိုအပ်ချက်တွေကို ဖြည့်ဖို့အတွက် အားတွေအများကြီးရှိသွား ပါတယ်။
နှစ်တိုင်းလည်း ယုံယုံကြည်ကြည်နဲ့ မျှော်မှန်းတာမရှိဘူး…
နေတိုး
ဒီနှစ်ကျွန်တော် အကယ်ဒမီ မျှော်မှန်းထားတဲ့ ဇာတ်ကားထဲမှာ မရှိခဲ့ဘူး။ နှစ်တိုင်းလည်း ယုံယုံကြည်ကြည်နဲ့ မျှော်မှန်းတာ မရှိဘူး။ ဒီနှစ်အတွက် ပိုပြီးမရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်အနေနဲ့ အားရကျေနပ်ထားတဲ့ ဇာတ်ကောင်မပါဘူး။ အကယ်ဒမီဆိုတဲ့ အရာတစ်ခုကို ဆုပ်ကိုင်နိုင်ဖို့အတွက် ကိုယ်ပေးဆပ်ရတဲ့ လုပ်ဆောင်ချက်တွေက မပြည့်စုံဘူးလို့ထင်တယ်။ ရင်ခုန်မှုမရှိပါဘူး။
ပရိသတ်နဲ့ တစ်သားတည်းကျမယ့် အကယ်ဒမီလို့လည်း မျှော်လင့်ပါတယ်…
ထွန်းထွန်း
အကယ်ဒမီပွဲကတော့ ကျွန်တော်နှစ်တိုင်းတက်နေတဲ့ ပုံစံအတိုင်းပဲ တက်မှာပါ။ ကျွန်တော့်ဇာတ်ကားလည်းပါတယ်။ အဲဒီအတွက် ရင်ခုန်ပါတယ်။ ပရိသတ်နဲ့တစ်သားတည်းကျမယ့် အကယ်ဒမီလို့လည်း မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေရော၊ နောင်လာမယ့် နှစ်တွေတိုင်းမှာ ဒီအနုပညာလောကအတွက် အဓိပ္ပာယ်ရှိတဲ့ ပွဲဖြစ်တဲ့အတွက် ကျွန်တော့်အတွက်လည်း အမြဲတမ်းအဓိပ္ပာယ်ရှိပါတယ်။
ဒီနှစ်ကတော့ မြင့်မြတ်နဲ့ ထွန်းထွန်းကို ရစေချင်တယ်…
ခင်လှိုင်
လာမယ့်နှစ် အကယ်ဒမီနီးလာပြီဆိုတော့ ရင်ခုန်တာကတော့ မရှိဘူး။ ဒီနှစ်ကတော့ မြင့်မြတ်နဲ့ ထွန်းထွန်းကို ရစေချင်တယ်။ အကယ်ဒမီဆိုတာက နှစ်တစ်နှစ်လုံးမှာ အထူး ချွန်ဆုံးဆုကို ပေးတာပါ။ အကယ်ဒမီဆိုတာက တစ်ဘဝစာမဟုတ်ပါဘူး။ တစ်သက်လုံးအတွက် အမှတ်တရ မှတ်တိုင်တစ်ခုတော့ ဖြစ်သွားတယ်။ အကယ်ဒမီရပြီးရင်လည်း အကယ်ဒမီရတယ်ဆိုပြီး ထိုင်နေလို့မှမရတာ။ ဆက်ပြီးကြိုးစားရင် မအောင်မြင်နိုင်ဘူး။ အကယ်ဒမီ ရလိုက်တာနဲ့ ဘဝတစ်ခုလုံး ပြောင်းလဲလိုက်တာ မဟုတ်ဘူး။
ပေါ်ပြူလာ