“အမည်ပေါက်နှင့်ကျူး” ရုပ်ရှင် ဇာတ်ကားကြီး ကန်တော့ပွဲကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က Orchid Hotel မှာ ကျင်းပခဲ့ပါတယ်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားကို ဝတ္ထုဇာတ်လမ်း ကိုငယ်လေး (DV5)၊ ဇေယျာ (ဦးမိုဒန်)၊ ဇာတ်ညွှန်း မြမြင့်မိုရ်၊ နေစိုးသော်၊ ဒါရိုက်တာ ဇော်မျိုးတို့ ရိုက်ကူးမှာ ဖြစ်ပြီး သရုပ်ဆောင် အနေနဲ့ မြင့်မြတ်၊ အိချောပို၊ မေကဗျာ၊ ဇင်ဝိုင်း၊ ဇော်ဦး၊ ဇော်ဝင်းနိုင်၊ ဒိန်းဒေါင်၊ ငှက်ပျောကြော်၊ တိမ်ညွှန့်၊ ဆင်မ၊ စိစိ၊ စိုးမိုးကြည်၊ ကောင်းဆက်ထူး၊ စူပါလင်း၊ ပြုံးဟန်သာကို နဲ့အခြား သရုပ် ဆောင်များစွာ ပါဝင်မှာ ဖြစ် ပါတယ်။ ဒါရိုက်တာ ဇော်မျိုးက “ဒီဇာတ်ကားက သူများတွေနဲ့ မတူနိုင်ပါဘူး။ ဘာလို့ လဲဆိုတော့ ကျွန်တော်က ဟာသ အင်အားကောင်းတဲ့ အတွက်ကြောင့် ကျွန်တော် ရိုက်ကူးမယ့် ဇာတ်ကားက ဟာသနဲ့ ဒရာမာ ရောထားတဲ့ ဇာတ်လမ်းလေးပါ။ ကျွန် တော်ရိုက်ကူးတဲ့ ဇာတ်ကားတွေက ပရိသတ်တွေ ရင်ထဲ တစ်ခုခု ကျန်အောင် အမြဲ ရိုက်ကူးတယ်။ အဓိက က ဒီဇာတ်ကားမှာ ပေးချင်တဲ့ Message က လူတွေက ကျူးကျော်မှာ နေပေမယ့် စိတ်ဓာတ်တွေ မဆင်းရဲဘူး။ ဒါကိုပြချင်တာ။ ပြောရရင် အမှိုက်ထဲက ရွှေလိုပေါ့”လို့ ပြောပါတယ်။
“အမည်ပေါက်နှင့်ကျူး” ရုပ်ရှင်ဇာတ်ကားကြီးကို မတ်လ၁ရက်နေ့မှ စတင် ရိုက်ကူးမှာဖြစ်ပြီး ရန်ကုန်မြို့ မှာရှိတဲ့ တိုင်းရင်း သား ကျေးရွာနဲ့ ကျူးကျော် ရပ်ကွက်တွေ မှာ ရိုက်ကူး သွားမယ်လို့ သိရပါတယ်။
ချယ်ရီ