ပြည်ပသရုပ်ဆောင်တွေရဲ့ ဖက်ရှင်တွေလည်း မြင်တွေ့ရမယ့် ၂ဝ၁၆ခုနှစ် အကယ်ဒမီဆုပေးပွဲ

0
227

nanwah

ပြည်သူတွေတစ်ရပ်လုံးရော ၊ ရုပ်ရှင် အနုပညာရှင်တွေ အားလုံးရော ရင်ခုန်စိတ်လှုပ်ရှားစေရတဲ့ အကယ်ဒမီထူးချွန်ဆုပေးအပ်ပွဲကြီးကတော့ နီးကပ်လို့လာခဲ့ပြီဖြစ်ပါတယ်။ နီးကပ်လာတာနဲ့အတူ အကယ်ဒမီပွဲ တက် ဝတ်စုံတွေကိုလည်း ကြိုတင်ချုပ်လုပ်လို့နေကြပြီဖြစ်ပါတယ်။

ပရိသတ်တွေအနေနဲ့လည်း အကယ်ဒမီပေးပွဲကို စောင့်မျှော်ကြည့်ရှုကြရခြင်းက အကယ်ဒမီဆုရရှိမယ့် သရုပ်ဆောင်တွေနဲ့ အတူ အကယ်ဒမီကိုရင်ခုန်ပေးကြဖို့ရယ် အကယ်ဒမီပွဲကို တက်ရောက်လာကြမယ့် အနုပညာရှင်တွေရဲ့ ဖက်ရှင်ဒီဇိုင်း တွေကို ကြည့်ရှုဖို့အတွက် လည်းဖြစ်ပါတယ်။ ဒီနှစ် မှာတော့ ထူးခြား မှုအနေနဲ့ အနုပညာ ရှင်တွေအများစုက ရွှေဝတ်စုံဒီဇိုင်းတွေကို ဝတ်ဆင်ကြမှာဖြစ်တဲ့အတွက် ရွှေရောင်လွှမ်း မယ့် မြန်မာ့အကယ်ဒမီလို့တောင် တင်စား လို့ နေကြပါပြီ။ အဲဒါအပြင်ဒီနှစ်မှာတော့ ထူးခြားမှုအနေနဲ့ မြန်မာနိုင်ငံက သရုပ်ဆောင်တွေနဲ့အတူတွဲဖက်ကာ အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်နေကြတဲ့ ဗီယက်နမ်မင်းသမီး ငုယင်ထရန်ဟုရန်မေနဲ့ ထိုင်းမင်းသမီး Nann Wahn တို့လည်း အကယ်ဒမီပေးပွဲကို တက်ရောက်ကြမှာဖြစ်ပါတယ်။ ပြည်ပအနုပညာရှင်တွေအနေနဲ့ မြန်မာ့အကယ်ဒမီပေးပွဲကို တက်ရောက်မှုက ရှားပါးမှုတစ်ရပ်လည်းဖြစ်ပြီး ထိုင်းမင်းသမီး Nann Wahn သရုပ်ဆောင်ထားတဲ့ From Bangkok To Mandalay ရုပ်ရှင်ဇာတ်ကားကလည်း ၂ဝ၁၆ ခုနှစ် အကယ်ဒမီဆန်ခါတင်စာရင်းဝင် ဇာတ်ကားတွေထဲမှာ တစ်ကားအပါအဝင် ဖြစ်ပါတယ်။ သူကတော့ အကယ်ဒမီ ပေးပွဲကိုမြန်မာဆန်ဆန်လေးတက် ရောက်မှာဖြစ်တယ်လို့ သိရပါ သေးတယ်။

” ထိုင်းဒါရိုက်တာနဲ့ ထိုင်းမင်းသမီးကတော့ ကျိန်းသေပေါက်တက်ရောက်ကြမှာ ဖြစ်ပါတယ်။ ထိုင်းမင်းသမီးလေးကတော့ မြန်မာလို ဝတ်ဆင်ပြီး အကယ်ဒမီပွဲကို တက် ရောက်မှာပါ။ အခုသူကထိုင်းမှာလည်း ဇာတ်လမ်းတွဲတွေအများကြီး ရိုက်ကူးနေရပြီဖြစ်ပါတယ်” လို့ အကယ်ဒမီပွဲ ကိုတက်ရောက်မယ့်အကြောင်း မိုးကောင်းကင် ရုပ်ရှင်ထုတ်လုပ်ရေးမှ ဦးစူဝမ်းကပြောပါတယ်။

အဲဒါကြောင့်လည်းပရိသတ်တွေအနေ နဲ့ ထိုင်းမင်းသမီး Nann Wahn ရဲ့ မြန်မာဆန်ဆန်ဖက်ရှင် ဒီဇိုင်းကိုလည်း မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ အဲဒါအပြင် မြန်မာနိုင်ငံနဲ့ ပူးပေါင်းကာ ဇာတ်ကားရိုက်ကူးမှုတွေ၊ ကြော်ငြာရိုက်ကူးမှုတွေကို လုပ်ဆောင်နေပြီ ဖြစ်တဲ့ ဗီယက်နမ် မင်းသမီး ငုရင်ထရန်ဟုရန်မေက လည်းအကယ်ဒမီပေးပွဲကို တက်ရောက်မှာဖြစ်တယ်လို့ သိရပြန်ပါတယ်။

သူ့အနေနဲ့ မတ်လအတွင်း မြန်မာနိုင်ငံမှာ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုအတွက်လာရောက်ရင်း အကယ်ဒမီပေးပွဲနဲ့ တိုက်ဆိုင်နေတဲ့အတွက် တက်ရောက်ခြင်း ဖြစ်တယ်လို့လည်းသိရပြီး အဲဒီအတွက် မြန်မာနိုင်ငံကို မတ်လ ၁၂ ရက်နေ့မှာ ရောက်ရှိ မှာဖြစ်ပါတယ်။ အကယ်ဒမီပေးပွဲကိုတော့ ဧည့်သည် တစ်ဦးအနေနဲ့ တက်ရောက်မှာဖြစ်တယ်လို့ Myanmar Media 7 က ကိုဝေမင်းမောင်က ပြောကြားထားပါတယ်။

ဗီယက်နမ် မင်းသမီး ငုရင်ထရန်ဟုရန်မေ အနေနဲ့ အကယ်ဒမီပေးပွဲကို ဘယ်လိုဖက်ရှင်မျိုးနဲ့ တက်ရောက် လာလိမ့်မလဲဆိုတာကတော့ ပရိသတ်တွေ ရင်ခုန်စွာ စောင့် မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းကာလတွေမှာ မြန်မာနိုင်ငံအနေနဲ့ ပြည်ပနိုင်ငံ တွေနဲ့အတူ အနုပညာချင်းကူးလူး ဆက်သွယ်ကာ ပူးပေါင်းပြီး အနုပညာလှုပ်ရှားမှု တွေကို ဆက်တိုက် ပြုလုပ်လျက်ရှိပါတယ်။ ဒါကြောင့်လည်း နှစ်နိုင်ငံ အနုပညာရှင် တွေအနေနဲ့ ရင်းနှီးချစ်ခင်မှုရရှိစေခဲ့ပြီး နှစ်နိုင်ငံ အကယ်ဒမီ ထူးချွန်ဆုပေးအပ်ပွဲတွေကို လည်း အကယ်ဒမီဆန်ခါတင်စာရင်းမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင် တွေအနေနဲ့ တက်ရောက်ခွင့် ရရှိခဲ့ကြပါ တယ်။

မတ်လ၅ရက်နေ့မှာ ထိုင်းနိုင်ငံမှာပြုလုပ်တဲ့ Thailand National Film Association Awards (Supanahongs) ပွဲကို From BangKok To Mandalay ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်တို့ကလည်း တက်ရောက်ခဲ့ကြပါတယ်။ From BangKok To Mandalay ဇာတ်ကားက ထိုင်းအကယ်ဒမီထူးချွန်ဆုပေးအပ်ပွဲမှာ ဆန်ခါတင်ဆု ၅ ဆုအထိပါဝင်နေတာ ဖြစ်ပြီး အမျိုးသားဇာတ်ဆောင် ဆုအနေနဲ့စိုင်းစိုင်းခမ်းလှိုင်၊ အမျိုးသား ဇာတ်ပို့ဆုအနေနဲ့ နေတိုးတို့က ဆန်ခါတင်စာရင်းထဲမှာပါဝင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ Thailand National Film Association Awards (Supanahongs) ပွဲကို တက် ရောက်ခဲ့တဲ့ ဝတ်မှုံရွှေရည်ကလည်း ” ဒါကစ်အတွက် ပထမဆုံးအကြိမ် ဒီပွဲကိုတက်တဲ့ အတွေ့အကြုံပါ။ အဲဒီအတွက်လည်း စိတ်လှုပ်ရှားရပါတယ်” လို့ သူ့ရဲ့ ရင်ခုန် စိတ်လှုပ်ရှားမှုကို ပြောပြခဲ့ပါတယ်။

ဒါကြောင့်လည်း မတ်လ ၁၈ ရက်နေ့၊ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်မယ့် ၂ဝ၁၆ခုနှစ် အကယ်ဒမီထူးချွန်ဆုပေးအပ်ပွဲကတော့ ယခင် နှစ်များနဲ့မတူ တစ်မူထူးခြားဆန်းသစ်လို့ နေမှာပါ။ ပြည်တွင်း၊ ပြည်ပအနုပညာရှင်တွေရဲ့ အရောင်အသွေးစုံလှတဲ့ ဖက်ရှင် တွေနဲ့အတူ ပြည်သူ့ရင်ပြင်ဝန်းကြီးကတော့ အကယ်ဒမီရင်ခုန်သံတွေနဲ့ထုံလွှမ်းလို့နေမှာပဲဖြစ်ပါတော့တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here