အကယ်ဒမီ ကို ဒီနှစ်မှာတော့ နိုင်ငံတော် အဆင့်ပွဲလမ်းသဘင်တွေ မှသာ ကျင်းပပြုလုပ်ခွင့် ရလေ့ရှိတဲ့ ရန်ကုန်မြို့ မြေနီကုန်း ရှိ ပြည်သူ့ ရင်ပြင် မှာ မတ်လ ၁၈ ရက်နေ့ ညပိုင်းက စည်းကား သိုက်မြိုက်စွာ နဲ့ ကျင်းပပြုလုပ်ခဲ့သည်။ ရွှေတိဂုံစေတီတော် မြတ် ကြီးနောက်ခံ ထားပြီး ဆင်ယင် ကျင်းပခွင့် ရခဲ့၍ မြန်မာ လူမျိုး ဗုဒ္စဘာသာဝင် တစ်ဦး အနေဖြင့် အင်မတန်ကိုမှ ပိတိဖြစ်မိသည်။
မြန်မာ့ ရုပ်ရှင်ဟာ ၁၉၂၀ ခုနှစ်က မေတ္တာနှင့် သူရာ ဆိုသည့် ရုပ်ရှင် ဇာတ်ကားနဲ့ စတင်ခဲ့သည်။ ထိုခေတ်တုန်းက အကယ်ဒမီ ဆု ဆိုတာ မျိုး မြန်မာ့ ရုပ်ရှင်မှာ မရှိခဲ့သေးပါ။ထိုနောက် ၁၉၅၂ ခုနှစ် ပထမဦးဆုံး မြန်မာ့ အကယ်ဒမီ ဆုပေးပွဲကြီးကိုမှု ရန်ကုန်မြို့တော် ခန်းမကြီး အတွင်းမှာ ကျင်းပခဲ့သည်ဟု မှတ်သား သိခဲ့ရသည်။ ထိုစဉ်ကတည်းက အကယ်ဒမီဆု ရသင့်ရထိုက်သူ တို့ကို အဆုံး အဖြတ်ပေးရန် အတွက် မြန်မာ့ရုပ်ရှင် အဆင့်အတန်း မြှင့်တင်ရေး အကဲဖြတ် အဖွဲ့ကိုလည်း ဖွဲ့စည်း ထားနိုင်ခဲ့သည်။ အကယ်ဒမီ ဆုပေးပွဲ များ ထိုနှစ်မှ စ၍ ဆက်တိုက် ပေးအပ်ခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် တစ်နှစ် မပေးအပ်ဖြစ်ခဲ့ပါ။ ထို့အပြင် ၁၉၈၆၊ ၁၉၈၇၊ ၁၉၈၈ ခုနှစ် များတွင် လည်း အကယ်ဒမီ ဆုများကို မပေးအပ်ဖြစ်ခဲ့ပါ။
အကယ်ဒမီ ဆုပေးပွဲကို ပထမဦးဆုံးအဖြစ် ရန်ကုန်မြို့တော် ခန်းမတွင် ကျင်းပခဲ့ပြီး နောက်ပိုင်းနှစ် များမှာ မှတ်မှတ်ရရ ဆိုလျှင် ယခင်တုန်း က ၀ိဇယရုံ ဆိုတာ ရှိသည်။ အဲ့သည်တွင်လည်း ပြုလုပ် ကျင်းပခဲ့ဖူးသည်။ စက်မှု အထက်တန်းကျောင်း မှာလည်း လုပ်ခဲ့ဖူး သည်။ န၀ဒေး ရုပ်ရှင်ရုံ မှာ လုပ်ခဲ့ဖူးတာ ရှိသလို အင်းလျားလိတ် ဟိုတယ် မှာလည်း ကျင်းပပြုလုပ်ခဲ့ဖူးသည်။ ရုပ်ရှင်မြှင့်တင်ရေး၊ မြန်မာ့ အသံ မြက်ခင်းပြင် စသည့် နေရာတွေမှာ လည်း ကျင်းပပြုလုပ်ခဲ့ပါတယ်။
ထိုစဉ် အကယ်ဒမီ ပွဲများ ကျင်းပခဲ့စဉ်က ယခုကဲ့သို့ တတ်ရောက်သူ ဦးရေ မများပြားသေးပါ။ အများဆုံးရှိမှ ၇၀၀ ဦးရေပင်မပြည့်။ ရုပ်ရှင်လောကသား အဖွဲ့ဦးရေ နည်းပါးသေးသည့် ခေတ်ဖြစ်သည်။ (ယခုကဲ့သို့ ထောင်ဂဏန်းချီ မများပြားသေးပါ)။ ထိုစဉ်က အကယ်ဒမီပွဲ ကို တတ်ရောက် သတင်းယူသည့် မီဒီယာသမား ဆိုလျှင် ၇ ဦးလောက် သာရှိခဲ့သည်။ ထိုအပြင် ထိုစဉ်က မှတ်မှတ် ရရ ပြောပြရရင် အကယ်ဒမီဆု ရရှိသည့် သူဆိုသည်မှာ တကယ့်ကို ၀ါရင့်သည့် အနုပညာသည်ကြီး တွေကသာလျှင် အကယ်ဒမီဆု များကို ဆွတ်ခူး ယူခဲ့ကြသည် ဖြစ်သည်။
ကျွန်တော့ အတွက် မှတ်မှတ်ရရ အကယ်ဒမီပွဲ တစ်ခုမှာ မြန်မာ့ အသံ မြက်ခင်းပြင်ကွင်း ထဲတွင် ပြုလုပ်ကျင်းပခဲ့သည့် ၁၉၇၁ခုနှစ် အကယ်ဒမီ ပင် ဖြစ်သည်။ ဒါရိုက်တာဆု ကို မောင်ဝဏ္က ကဆွတ်ဆူး ရရှိခဲ့သည့်နှစ် ဖြစ်သည်။ ရရှိခဲ့သည့် ဇာတ်ကားက ကတ္ထီပါ ဖိနပ် စီးရွှေထီးဆောင်း ဖြစ်သည်။ ထိုစဉ်က ဒါရိုက်တာ မောင်ဝဏ္ဏမှာ တက္ကသိုလ် ကျောင်းသားဘ၀ ပြီးခါစ မှာပင် ရိုက်ကူးခဲ့သည့် ပထမ ဦးဆုံး ဇာတ်ကားဖြစ်သည်။ မောင်ဝဏ္ဏ နှင့် ကျွန်တော်သည် အတော်ပင် ခင်မင်ရင်းနှီးသည့် သူငယ်ချင်းများ ဖြစ်ကြသည်။ သူ အကယ်ဒမီဆု ရပြီဟု ကြေငြာလိုက်စဉ် ကျွန်တော်တို့ သူငယ်ချင်းတွေ အပျော်လွန် သွားခဲ့ပြီ ဒါရိုက်တာ မောင်ဝဏ္ဏ ကို မြှောက် ပြီး မြန်မာ့ အသံမြက်ခင်းကွင်း ထဲကို ပတ်ပြေးပြီး အောင်ပွဲ ခံခဲ့ကြသည် ကို ယခုအချိန် အထိ မှတ်ဥာဏ်တွေ အတွင်းက မထွက်သေးပါ။ ထိုအပြင် ထိုစဉ်က အကယ်ဒမီ ရရန်ရေပန်းစားသည့် အပြိုင်အဆိုင်ခေတ် ဖြစ်သော်လည်း တစ်ယောက်က အကယ်ဒမီ ဆုရသွားသည့် အပေါ် အကယ်ဒမီ မရသည့် သူတွေက သွားရောက် ထွေးပွေ့ကြသည်။ ရိုးသားသည့် အပြုံးများဖြင့် အားပေးသည် ။ထွေးပွေ့ သည်။ နှုတ်ဆက် ကြသည်။ အခုခေတ်လိုမျိုး ဝေဖန်သံများ မရှိ။ ပြန်မရနိုင်သည့် အကယ်ဒမီ အတိတ်နေ့ရက် များ ဖြစ်သည်။ အခုခေတ် တွင်တော့ ထိုကဲ့သို့ ခံစားမှုမျိုး အကယ်ဒမီ ဆုပေးပွဲတွင် သိပ်မတွေ့ရသည်မို့ ပြန်မရနိုင်တော့ပေ။
သို့သော် အခုနှစ် ပြည်သူ့ ရင်ပြင်မှာ ကျင်းပခွင့် ရခဲ့သည်မို့တော့ ၀မ်းသာ ကြည်နှုး ဖြစ်မိနေရသည်။ ယခုနှစ် အကယ်ဒမီ ကျင်းပရန် ရည်ရွယ်ပြီး ကျင်းပမည့် နေရာရှာဖွေရာတွင် အတော်ပင် အခက်အခဲ ရှိခဲ့သည်။ လူဦးရေ များများ ဆံ့ချင်သော ဆန္ဒ တို့ကြောင့် နေရာ ကျဉ်းမြောင်သည့် နေရာများကို ရွေးချယ်၍ မဖြစ်ရာမှ အခက်အခဲ ဖြစ်လာပြီး နောက်ဆုံးတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဆီတွင် အကူအညီ တောင်းခဲ့ရာမှ ထိုနေရာတွင် ကျင်းပခွင့် ရခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ ရင်ပြင်သည် နိုင်ငံတော်ပွဲ များကိုသာ ကျင်းပလေ့ ရှိသည့်နေရာ ဖြစ်သည်။
မြန်မာ့ ရုပ်ရှင်သည်လည်း နှစ်တစ်ရာပြည့် ဆီသို့ နီးကပ်လျက် ရှိလာပြီမို့ ယခုနှစ်အကယ်ဒမီ၏ ရည်ရွယ်ချက် ကို မြန်မာ့ ရုပ်ရှင် နှစ် တစ်ရာပြည့်ဆီသို့ ဆိုသည့် ဆောင်ပုဒ်ဖြင့် ဆင်ယင် ကျင်းပခဲ့သည်။ လာမည့် ၂၀၂၀ ခုနှစ်တွင် နှစ်တစ်ရာပြည့် ဆီရောက်ပြီ ဖြစ် သည်။ ငွေရတု ပွဲတော်တုန်းက ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် တတ်ရောက် ဖွင့်လှစ်ပေးခဲ့သည်။ ရွှေရတု ၊ စိန်ရတု စသည်ဖြင့် နိုင်ငံတော် အဆင့်ဖြင့် မြန်မာ့ရုပ်ရှင် ပွဲတော်ကို ကျင်းပခဲ့သည်။ ထိုစဉ်က ရုပ်ရှင်နှင့် ပတ်သတ်သည့် ပျော်ပွဲရွှင်ပွဲ များစွာကို တပ်မတော် ခန်းမကြီး အတွင်းတွင်ပြုလုပ်ခဲ့သည်။ ညပိုင်းရောက်သည့် အခါတွင် မိုင်ဒါကွင်းမှာ ရုပ်ရှင်နှင့် သက်ဆိုင် သည့် ပျော်ပွဲ ရွှင်ပွဲ များစွာ ဖြင့် ဖြတ်သန်းခဲ့ကြသည်။ မကြာမီ ရောက်ရှိလာမည့် နှစ်တစ်ရာပြည့်တွင်လည်း နိုင်ငံတော် အဆင့် စည်းကား သိုက်မြိုက် စွာဖြင့် ပြုလုပ်နိုင်ရန်၊ အာဆီယံ အဆင့် ရုပ်ရှင်ပွဲတော် တစ်ခု အဖြစ် ကျင်းပနိုင်ရန် ဆိုသည်မှာ ရုပ်ရှင်လောကသား တို့၏ ကြိုးစား အားထုတ်မှုတွေ များစွာလိုအပ်သည်။ ထို့အပြင်နိုင်ငံတော် အစိုးရ၏ ပံ့ပိုးကူညီမှု ‘အား’ များစွာလည်း လိုအပ်နေမှာ အမှန်ပင် ဖြစ်သည်။
အေးကြူလေး