နန်းတော်ရှေ့ဆရာတင် ရဲ့ သူဋ္ဌေးဝါဒ သီချင်းကို Remix လုပ်တာမျိုးကတော့ မသင့်တော်ဘူး ဦးနန်းဝင်း

0
191

nan win

နန်းတော်ရှေ့ဆရာတင်ရေးသားခဲ့သော ဂန္ထဝင်သီချင်းတစ်ပုဒ်ဖြစ်တဲ့ သူဋ္ဌေးဝါဒသီချင်းကို အဆိုတော်သားစိုးက သူ့ရဲ့အခွေထဲမှာ Remix အဖြစ်တင်ဆက်ခဲ့ခြင်း အပေါ် ဝေဖန်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ နန်းတော်ရှေ့ဆရာတင်ရဲ့ မိသားစုဝင်များကလည်း ဒီအပေါ်မှာမခံမရပ်နိုင်အောင်ဖြစ်နေကြရပြီး ဂန္ထဝင်သီချင်းတစ်ပုဒ် ကို အခုလိုမျိုး မလုပ်သင့် ကြောင်းလည်း ပြောကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး နန်းတော်ရှေ့ဆရာတင်ရဲ့မြေးတစ်ဦးဖြစ်တဲ့ သဘင်မင်းသားကြီးဦးနန်းဝင်းက သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာအခုလို ရေးသားခဲ့တာက..

” မောင်သားစိုးရေ၊ ဦးနန်းဝင်းဟာ မင်းနဲ့တွေ့စဉ်အခါက မင်းကို ဂန္ထဝင်သီချင်းတွေကို ပေါ့ပေါ့ဆဆမလုပ်ပါရန် မေတ္တာရပ်ခံခဲ့ဖူးပါတယ်။ အခုလိုနန်းတော်ရှေ့ဆရာတင်ရဲ့ သူဋ္ဌေးဝါဒတေးကို တစ်မျိုးတစ်ဖုံနဲ့ မမနန်းခင်အေးထံကယူပြီး ဂီတသံစဉ်စာသားမဆုံးခင် Remix နဲ့အထစ်အထစ်လုပ်တာ ငါ့တူဆန်းတယ်ထင်သလား။ ခေတ်ထဲကရေစီးကြောင်း အနုပညာတစ်ခုအနေနဲ့ ဦးလေးစားပါတယ်။ ဒါပေမဲ့ အခုလို ဂန္ထဝင်တေးတွေကိုတော့ သက်ဆိုင်ရာမိသားစုဝင်တွေနဲ့ ပွင့်ပွင့်လင်းလင်းသဘောထား မယူဘဲမလုပ်ရဘူး။ ကိုယ့်အဘိုးသီချင်းထိမှ မချိအောင်နာနေတာမဟုတ်ဘူး။ အဘရွှေမန်းတင်မောင်သီချင်းလုပ်ကတည်းက အမြင်မတော်အကြား မတော်လို့ ငါ့တူကိုအပြင်မှာ တွေ့တော့မေတ္တာရပ်ခံခဲ့ဖူးပါတယ်။ အခုဟာကတော့ တာဝန်ပါရှိလာလို့ ပြောရတာပါ” လို့ ရေးသားထားပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးဦးနန်းဝင်းကို ဆက်လက် မေးမြန်းတဲ့အခါမှာတော့ …

” သားစိုးကို ဦးမမုန်းပါဘူး။ ခေတ်ထဲက လူငယ်တစ်ယောက်ရဲ့ သူတို့ရဲ့ဂီတပညာတွေကို လေးစားပါတယ်။ သို့သော်ဂန္ထဝင်တွေမှာ မထိကောင်းတာတွေရှိပါတယ်။ ဂန္ထဝင်နဲ့ ပတ်သက်ပြီးလုပ်တဲ့အပေါ်မှာတော့ ဦးစိတ် မကောင်းဘူး။ သီချင်းကိုဦးသေသေချာချာ နားထောင်ပြီးပါပြီ။ နားထောင်ပြီးမှသာ ဖေ့စ်ဘုတ် မှာရေးခဲ့တာပါ။ ပြန်လည်ပြီးတော့ မြန်မာသံတွေကို ဆိုကြမယ်ဆိုတဲ့ မျိုးဆက်သစ်ကလေးတွေကို ဆိုဖို့ပေးပါတယ်။ ဒီလို Remix လုပ်တဲ့အထဲမှာ နန်းတော်ရှေ့ဆရာတင်ရဲ့သူဋ္ဌေးဝါဒသီချင်းပါတယ်ဆိုတာကိုတော့ ဦးတို့ လက်မခံနိုင်လို့ပါ။ အနုပညာတွေမှာ တစ်ခါတစ်ခါကျရင် စည်းလေးရှိပါတယ်။ အနုပညာစည်းကို မကျော်ပါနဲ့လို့” လို့ ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here