ရက်စက်တဲ့ ဗီလိန် ဇာတ်ရုပ်နဲ့ မြင်တွေ့ ရဦးမယ့် အလင်းရောင်

0
478

Alin-Yaungအခုဆိုရင် အလင်းရောင်က သူလေးစား အားကျရတဲ့ ဒါရိုက်တာဝိုင်းနဲ့ ရုပ်ရှင် ဇာတ်ကား၂ကား ရိုက်ကူးပြီးသွားပြီ ဖြစ်သလို သင်္ကြန်ကျော်ရင်လည်း “ကာဗွန်ဒိုင်အောက်ဆိုဒ်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ဆက်လက် ရိုက်ကူးသွားဖို့ ရှိနေပါတယ်။ ဒီဇာတ်ကားကို ဖွေးဖွေး နဲ့အတူ နောက်ထပ်မင်းသား တစ်ယောက်နဲ့ ပါဝင် သရုပ်ဆောင် ရိုက်ကူးရမှာ ဖြစ်ပါတယ်။ ဒီ ဇာတ်ကား ရဲ့ ကာရိုက်တာက သူ့အတွက် စိန်ခေါ်မှု ရှိပါတယ်လို့ အလင်းရောင်က ပြောပြပါတယ်။ “အဲဒီ ဇာတ်ကားမှာ ကျွန်တော်က ဗီလိန်ပါ။ ဗီလိန်ကိုမှ တော်တော် ရက်စက်တဲ့ ဗီလိန်ပါ။ ဒီကာရိုက်တာက ကျွန်တော့် အတွက် စိန်ခေါ်မှု များပါတယ်။ အဲဒီ အတွက်ကို သင်္ကြန်ပြီးရင် ၅ရက်လောက်တော့ ကိုဝိုင်း နဲ့ Training ဝင်ပါ့မယ်။ ဝင်ပြီးရင် စရိုက်ကူးမယ်။ ကိုဝိုင်းက အများကြီး သင်ပြပေးပါတယ်။ ဒိုင်ယာလော့ခ် အတိုလေး ပြောတာက အစ ဘယ်လိုပြောရတယ် ဆိုတာ သင်ပြပေးပါတယ်။ ကျွန်တော်က သရုပ်ဆောင် စလုပ်တုန်းက ဘာ အတွေ့အကြုံ၊ ဘာသင်တန်းမှ မတက်ဘဲ ဒီအတိုင်း ကိုယ်သိသလောက်၊ ကိုယ်တတ် သလောက်နဲ့ လုပ်လာခဲ့တာ။ အခုကျ အသေအချာ သင်ယူရတယ် ဆိုတော့ အတွေ့ အကြုံက အများကြီး ရပါတယ်” လို့ ပြောပါတယ်။

အလင်းရောင်က အခုလို ဝါရင့် အနုပညာရှင်လည်း ဖြစ်တဲ့ အကယ်ဒမီလည်း ရရှိထားတဲ့ ဒါရိုက်တာ တစ်ယောက်ရဲ့ ဆွဲခေါ်မှုနောက် ကို လိုက်ရတာ သူ့အနေနဲ့ တစ်ခါတလေ မလုပ်နိုင်မှာကို စိုးရိမ် နေသလို အကယ်ဒမီ ဆိုတာကိုလည်း မမျှော်လင့်သေးကြောင်းနဲ့ အခုလို နာမည်ကြီး ဒါရိုက်တာ၊ နာမည်ကြီး သရုပ်ဆောင်တွေနဲ့ ရိုက်ကူးခွင့် ရတာနဲ့တင် သူတော်တော် ကံကောင်းနေပါပြီလို့ ပြောပါတယ်။ အလင်းရောင် က ဒီနှစ်ထဲမှာ ရုပ်ရှင်ဇာတ်ကား များကိုသာ လက်ခံ ရိုက်ကူးတာဖြစ်ပြီး သူ့အနေနဲ့ အနုပညာ အလုပ်နဲ့ ပတ်သက်ပြီး ရရှိလာတဲ့ အခွင့်အရေးတွေ အပေါ် သူဘယ်လို အသုံးချ သွားမလဲ ဆိုတာကိုလည်း “အသုံးချသွားမယ် ဆိုတာထက် ကိုယ်လုပ်ရတဲ့ အလုပ် ပေါ်မှာ အကောင်းဆုံးနဲ့ အချိန်ကအစ ကိုယ့်ဘက်က ပေးနိုင်တဲ့ အရာတွေကို ဝီရိယရှိရှိနဲ့ အကောင်းဆုံး၊ အတတ်နိုင်ဆုံး လုပ်သွားမှာပါ။ ကျွန်တော်ကြိုး စားထားတဲ့ ဇာတ်ကားတွေ ထွက်ရှိလာပြီ ဆိုရင် ပရိသတ်တွေ လက်ခံတာ၊ လက်မခံတာ ဒါကကျွန်တော့်ရဲ့ကံပါ”လို့ ပြောပြခဲ့ပါတယ်။
ဇင်မာနွယ် ၊
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here