ပြောင်းလဲလာမယ့် ရန်ကုန်သင်္ကြန် အခင်းအကျင်း

0
178

dj

နှစ် ၂ဝ၁၇ခုနှစ် မဟာသင်္ကြန်ရဲ့အခင်းအကျင်းကတော့ စီးပွားဖြစ် မဏ္ဍပ်များခွင့်မပြုဆိုတဲ့ ကြော်ငြာချက်နဲ့အတူ ရန်ကုန်မြို့လမ်းတွေပေါ်မှာ နှစ်တိုင်းရှိနေကျ မဏ္ဍပ်အချို့ကို မမြင်တွေ့ရတော့မယ့် အနေ အထားဖြစ်လာပါပြီ။လတ်တလောသတင်းများအရ မဏ္ဍပ်လာရောက် လျှောက်ထားမှု ၂၁ ခုပဲ ရှိတယ်လို့လည်း သိရပြီး ပြည်တွင်းပြည်ပနာမည်ကျော် DJ Artist များနဲ့ ပြုလုပ်မယ့် EDM Festival များကတော့ ရန်ကုန်မြို့  ရဲ့ဖျော်ဖြေရေး ကွင်းပြင်စင်မြင့်တွေမှာ Water Festival တွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အခုနှစ် သင်္ကြန်ကာလအတွင်း EDM Festival ပွဲ ၅ ပွဲထက် မနည်းရှိနေတာတွေ့ရပြီး TMF / WetNation/ Waterzonic စတဲ့ ခေါင်းစဉ်များနဲ့ Festival များအပြင် နှစ်စဉ်မဏ္ဍပ်ပြုလုပ်နေကျ Barrack ကလည်း Barrack Water Festival ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ EDM ဂီတပွဲ တစ်ခုကို ကျင်းပကြမှာ ဖြစ်ပါတယ်။ ဒီလိုခေါင်းစဉ်အသီးသီးနဲ့ ပြုလုပ်ကြမယ့် Festival များမှာတော့ ပြည်တွင်းပြည်ပ EDM Artist တွေက ပါဝင်ဖျော်ဖြေကြမှာဖြစ်ပြီး ကမ္ဘာကျော် DJ အများအပြားလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ပြည်တွင်းက DJ Wine / Terror Bass စသူတို့အပြင် နာမည်ကျော် ဒီဂျေအများ အပြားပါဝင်မှာဖြစ်ပြီး Yellow Claw / DVBBS/ Head Hunterz/ DJ Soda စတဲ့ ပြည်ပနာမည်ကျော် ဒီဂျေအများအပြားလည်း ပါဝင်ကြမှာ ဖြစ်တာကြောင့် အခုနှစ်သင်္ကြန်ပွဲတော်ဟာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ဒီလို EDM Festival တွေ သင်္ကြန်ကာလမှာ ပိုမိုပြုလုပ်လာကြတာဟာ သင်္ကြန်မဏ္ဍပ်တွေ လျော့နည်းသွားခြင်း ကြောင့်လား၊ ဖြစ်ထွန်းသင့်တဲ့အချိန်မှာ ဖြစ်ထွန်းလာတာလား ဆိုတာကိုလည်း အဆိုတော် ရန်ရန်ချန်းက ခုလိုသုံးသပ်ပြပါတယ်။

” အသစ်၊အသစ် ပေါ်လာတာတွေ အားလုံးက ခေတ်ရေစီးကြောင်းအရ ပေါ်လာတာတွေ ဖြစ်တဲ့အတွက် ရိုးရာဖျက်တယ်တို့ ဘာတို့တော့ မဟုတ်ပါဘူး။ ဒါခေတ်ပဲ။ မဏ္ဍပ်တွေရှိခဲ့သလိုမျိုး Festival တွေပေါ်လာတယ်ဆိုတာလည်း ခေတ်ရဲ့ တောင်းဆိုမှုအရ ပေါ်လာတာပဲ။ ဒီတော့ မျှတအောင်တော့ ရှိသင့်တယ်။ Festival လည်း ရှိသင့်သလိုမဏ္ဍပ်လည်း ရှိသင့်တယ်။ မဏ္ဍပ်မရှိရင် သင်္ကြန်ဆိုတာဘယ်လိုလုပ်မလဲ။ မဏ္ဍပ်အကြီးတွေမရှိမှ အုန်းလက်မဏ္ဍပ်တွေ ပြန်ပေါ်လာမယ်ဆိုတာ အဓိပ္ပါယ်မရှိဘူး။ အုန်းလက်မဏ္ဍပ်တွေက အစ ကတည်းက ဘယ်သူကမှ မထိုးခိုင်းတာ မဟုတ် ဘူး။ တစ်ပိုင်တစ်နိုင်ထိုးဖို့ဆို ကရိကထများတယ်။ ရေစုပ်စက်တို့  ဘာတို့ကအစ ငှားရ၊ ပြုရတာ ရှိတယ်။ ဒီတော့ လူတိုင်းမဏ္ဍပ်မလုပ်နိုင်ဘူး။ ဒီ တော့ မဏ္ဍပ်လုပ်တဲ့သူတွေဆီမှာ သွားပြီးပျော်ကြတယ်။ ဒီသဘောပါပဲ။အခု Festivalတွေ ပေါ်လာတာကလည်း သူတို့က ကြားညပ်သလို ဖြစ်နေတယ်။ သူတို့က သူတို့ဘာသာ ခေတ်ကြောင့် ပေါ်လာတာ။ စီးပွားဖြစ်မဏ္ဍပ်တွေ မထိုးရဘူးဆိုလို့လည်း မဟုတ်လောက်ဘူး။ မဏ္ဍပ် အရလည်း ဒီဂျေတွေခေါ်ပြီး လုပ်နေတာ ရှိတာပဲ။ လူတွေက ဒါကိုပိုတောင်းဆိုလာတဲ့အခါ ဒီမဏ္ဍပ် ကျဉ်းကျဉ်းလေးလောက်နဲ့ မလုံလောက်တော့ဘူး။ ယိုးဒယားမှာလည်း S2O ဆိုတာ ပေါ်နေတာကြာပြီ။ ဒီတော့ အခု Festival တွေ ပိုလုပ်လာတယ်ဆိုတာလည်း ခေတ်အရပေါ်လာပေမယ့် ဒီအခြေ အနေမှာ ကြားညပ်တာပဲ ဖြစ်နိုင်ပါတယ်။ ဒီနှစ် ရန်ကုန်သင်္ကြန်ရဲ့ ပုံစံကတော့ ဘယ်လိုဖြစ်လာမလဲဆိုတာ သင်္ကြန်ပြီးမှပဲ ပြောလို့ရတော့မှာပါ” လို့  ရန်ရန်ချန်းက သုံးသပ်ပြပါတယ်။

ခေတ်ရဲ့တောင်းဆိုမှုအရ ပေါ်ပေါက်လာခဲ့တဲ့ EDM Festival များကိုတော့ ၂ဝ၁၆ ခုနှစ် တစ်နှစ်လုံးမှာလည်း မြန်မာပြည်ပရိသတ်တို့ ထိတွေ့ခဲ့ရပြီး အခု ၂ဝ၁၇ ခုနှစ် သင်္ကြန်နှစ်သစ်မှာတော့ EDM Festival တွေကို သင်္ကြန်ပွဲတော်များအဖြစ် အားကောင်းမောင်းသန်မြင်တွေ့လာရမှာ ဖြစ်တဲ့အတွက် အခုနှစ် ရန်ကုန်သင်္ကြန်ရဲ့ အရသာကတော့ အားလုံးအတွက်အသစ်ဖြစ်နေလိမ့်ဦးမယ်လို့လည်း သုံးသပ်မိပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here