‘သည်လူ ၊ သည်ခေတ်၊ သည်စနစ် ‘ ပြဇာတ်ကို အခုနှစ်သဘင်ရာသီမှာ ကပြသွားမယ့် ဇံဟိန်း

0
210

Zan Hehain

စိန်မဟာသဘင်ဇာတ်ကို ပြန်လည်ဦးစီးပြီး ကပြတင်ဆက်နေတဲ့ ဇံဟိန်းက လက်ရှိဇာတ်သဘင် ရာသီမှာတော့ တင်ဆက်မှုအသစ်တွေနဲ့
ကပြတင်ဆက်လျက်ရှိနေပါတယ်။ သူ့အနေနဲ့ ဂရိတ်ဦးဘိုးစိန် ၊ ဦးကနက်စိန်၊ ဦးရဲစိန်တို့ရဲ့တစ်ခေတ်၊ တစ်ခါက ဇာတ်ထုပ်တွေကိုလည်း
ပြန်လည်ဖော်ထုတ်တင်ဆက်သွားဖို့စီစဉ်နေပါတယ်။

” ကျွန်တော့်အနေနဲ့ အဘိုးတို့ အဖေတို့ ခေတ်တုန်းက ကပြခဲ့တဲ့ ပြဇာတ်တွေကိုလည်း ပြန်လည်ဖော် ထုတ်ကပြသွားမှာပါ။ ကျွန်တော်တို့ အဖေဟိုးတုန်းက အောင်မြင်ခဲ့တဲ့ “သည်လူ၊ သည်ခေတ်၊ သည်စနစ်” ပြဇာတ်တို့ ၊ “ငါသည်အဖသတ်သားမဟုတ်” တို့ စတဲ့ အော်ပရာဇာတ်လမ်းတွေကို ကပြသွားမယ်။ “သည်လူ၊ သည်ခေတ်၊ သည်စနစ်” ဆိုရင်လည်း အခုခေတ်နဲ့လည်း ကိုက်ညီတယ်လေ။ တအားကိုကောင်းတဲ့ ပြဇာတ်တစ်ထုပ်ပါ။ ဟိုးအရင်တုန်းကတော့ ပြဇာတ်တွေ၊ နောက်ပိုင်းဇာတ်ထုပ်တွေ၊ နှစ်ပါးသွားတွေကို ဦးစားပေးပြီး ကပြကြတယ်။ ပြဇာတ်တစ်ထုပ်ကို ၃နာရီ၊ ၄နာရီလောက်ကပြကြတယ်။ ကျွန်တော် တို့ခေတ်မှာကျတော့ အဲဒီလိုလုပ်လို့မရတော့ ပြဇာတ်ကိုလည်းချုံ့ရပါတယ်။ အဲဒီလိုပြဇာတ်တွေကို ပြန်လည်တင်ဆက်ဖို့ ကျွန်တော် စီစဉ်နေပါတယ်” လို့ စိန်မဟာသဘင်ရဲ့ တင်ဆက်သွားမယ့် အကြောင်း အရာတွေနဲ့ ပတ်သက်လို့ ဇံဟိန်းကပြောပြပါတယ်။

ဇံဟိန်းကလူငယ်တစ်ယောက်ဖြစ်တဲ့အတွက် ခေတ်နဲ့အညီလည်း ကပြတင်ဆက်လျက်ရှိနေသလို စိန်မဟာသဘင်ရဲ့ မျိုးဆက်တစ်ဦး ဖြစ်တဲ့အတွက်ကြောင့်လည်း မြန်မာမှုပိုင်းကိုလည်း မမေ့မလျော့ ထိန်းသိမ်းကာ ကပြဖျော်ဖြေလျက်ရှိပါတယ်။ သူ့အနေနဲ့လက်ရှိမှာတော့ စိန်မဟာသဘင်ကို ပြန်လည် ဦးစီးကပြခဲ့တာ ၂ နှစ်ဝန်းကျင်ထဲကို ရောက်ရှိလာခဲ့ပြီဖြစ်ကာ တစ်နှစ်ထက်တစ်နှစ်လည်း တင်ဆက်မှုပိုင်းကို ပိုမိုကြိုးစားသွားမှာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ပိုမိုရရှိလာတယ်လို့ သိရပါတယ်။

” ကျွန်တော့်အဘိုးတို့အဖေတို့ လက်ထက်ကတည်းက စိန်မဟာသဘင်ကိုအားပေးခဲ့သောပရိသတ် တွေအနေနဲ့ ကျွန်တော့်ကိုလည်း အားပေးပေးပါ။ “စိန်” ကိုချစ်သော ပရိသတ်များအားလုံးကိုလည်း ကျွန်တော် အမြဲတမ်းလေးစားပါတယ်။ ကျွန်တော့်ရဲ့ အနုပညာပေးဆပ်နိုင်စွမ်းရှိသမျှ ပရိသတ်ကြီးအတွက် အမြဲ တမ်းပေးဆပ်နေပါ့မယ်လို့ ပြောချင်ပါတယ်” လို့ စိန်မဟာသဘင်ကိုအားပေးကြတဲ့ ပရိသတ်တွေ အတွက် စိန်မဟာသဘင်ရဲ့မျိုးဆက် ဇံဟိန်းက ကျေးဇူးတင်စကားဆိုပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here