သီချင်းသစ်တစ်ပုဒ် အွန်လိုင်းမှာတင်ဖို့စီစဉ်နေတဲ့ မေမြတ်နိုး

0
133

May Myat Noe

သရုပ်ဆောင် မေမြတ်နိုးက ဒီနှစ်သင်္ကြန်ကို ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်မှာ သီချင်းသီဆိုမှာ ဖြစ်သလို သင်္ကြန်မှာ လွတ်လပ်ပေါ့ပါးစွာနဲ့ ပျော်ပျော်ပါးပါးဖြတ်သန်းသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

” ဒီနှစ်သင်္ကြန်က မဏ္ဍပ်တွေတအားပါးတယ်။ ပြီးခဲ့တဲ့နှစ်က TMF မဏ္ဍပ်မှာပဲ သီချင်းမဆိုဖြစ်ဘူး။ မနှစ်ကလည်း မဏ္ဍပ်တွေပါးတာကိုး။ ဒီနှစ်မဏ္ဍပ်ပိုပါးသွားတော့ အနုပညာရှင်တော်တော်များများတော့ သီချင်းမဆိုဘဲပျော်ပျော်ပါးပါး ဖြတ် သန်းကြမယ်ထင်ပါတယ်။ မြတ်နိုးလည်း အဲဒီလိုပဲဖြတ်သန်းမှာပါ။ မြို့တော်ဝန်မဏ္ဍပ်မှာတော့ အဖွင့်ရက်နဲ့ အပိတ်ရက်မှာ သီချင်းသွားဆိုဖြစ်မှာပါ” လို့ ဒီနှစ်သင်္ကြန်ဖြတ်သန်းမှုနဲ့ ပတ်သက်ပြီး မေမြတ်နိုးက ပြောပါတယ်။

သင်္ကြန်အပြီးမှာတော့ ဒါရိုက်တာ စတီးရိုက်ကူးမယ့် “တည်ကြက်” ရုပ်ရှင်ဇာတ်ကားမှာ နေတိုး၊ သင်ဇာဝင့်ကျော်၊ ရွှေသမီး၊ အခြားမင်းသမီး ၂လက်တို့နဲ့အတူ ပြင်ဦးလွင်မှာ ရိုက်ကူးသွား မှာဖြစ်ပြီး အမျိုးသမီး ၅ဦးရဲ့ ဇာတ်လမ်းပုံစံမျိုး ဖြစ်ကာ ပြင်ဆင်မှုတွေလည်း လုပ်ရမှာဖြစ်ကြောင်း ပြောပါတယ်။ ဇာတ်ကားရိုက်ကူးမှုအတွက် သရုပ်ဆောင်ပိုင်းကို ကြိုတင်လေ့လာပြင်ဆင်ထား ကြောင်းကိုလည်း မေမြတ်နိုးက

” မြတ်နိုးက ကိုရီးယားဇာတ်ကား ကြည့်တာများတယ်။ အင်္ဂလိပ်ဇာတ်ကားတွေကြည့်တာများတယ်။ သူတို့က ပါးပါးလေးတွေ သရုပ်ဆောင်ကြတာများတယ်။ မြန်မာဇာတ်ကား တွေကျတော့ ပွင့်ပွင့်လင်းလင်းကြီးလုပ်ပြရတယ်။ ပိုပြီးအားထည့်ရတာပေါ့။ မြတ်နိုး သရုပ်ဆောင်တဲ့နေရာမှာလည်း ပိုပြီးအားစိုက်ပြီး သရုပ်ဆောင်ဖို့လည်း လုပ်သွားရမှာပေါ့” လို့ပြောပါတယ်။

မေမြတ်နိုးက “မင်းကြောင့်” နဲ့ Single is the best သီချင်းများကို အွန်လိုင်း ပေါ်တင်ပေးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုလည်းရရှိခဲ့ပါတယ်။ အွန်လိုင်းပေါ်တင်ဖို့အတွက် နောက်ထပ်သီချင်းအသစ်လည်း စီစဉ်နေပြီး ဒီတစ်ခါမှာတော့ MTV အနေနဲ့ ရိုက်ကူးတင်ဆက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ လတ်တ လောမှာတော့ မေမြတ်နိုးက ကုန်ပစ္စည်းတွေရဲ့ Brand Ambassador အဖြစ်လည်း ဆောင်ရွက်လျက် ရှိပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here