ကျော်ကျော်ဗိုက Ride on Myanmar ခရီးစဉ်အတွက် မြန်မာပြည်အနှံ့ကို သွားရောက်ရိုက်ကူး တင်ဆက်ခဲ့ပြီး အခုတစ်ခါမှာလည်း ပြည်ပနိုင်ငံများဆီ သွားရောက်ကာ ထူးထူးခြားခြားရိုက်ကူးတင်ဆက်ဦးမယ်လို့ သိရပါတယ်။ ပွဲဦးထွက်ခရီးစဉ်အနေနဲ့ကတော့ ဥရောပ နိုင်ငံတွေ ကိုသွားရောက် ရိုက်ကူးပြမယ်လို့ ကျော်ကျော်ဗိုက ဆိုပါတယ်။ နိုင်ငံခြားခရီးစဉ်နဲ့ပတ်သက်ပြီး…
” ဒီခရီးစဉ်တွေကို ဒီနှစ်ထဲသွားနိုင်အောင်လို့ အခုကတည်းက Plan တွေရေးဆွဲနေကြပါတယ်။ ပထမဆုံးကိုတော့ Europe ကိုသွားမယ်။ ပြီးရင်တော့ Latin America ကိုသွားဖို့ စီစဉ်ထားပါတယ်။ ဒီနေရာလေးတွေကို ရွေးဖြစ်တာက အဲဒီမှာ ပရိသတ်တွေ အမြင်ဆန်းစေမယ့် အရာလေးတွေရှိတယ်။ သွားရင်ရက်၂ဝလောက်တော့ ကြာမှာပါ။ အဲဒီအချိန်တော့ ဇာတ်ကားရိုက်ကူးမှုတွေ နားထားရမှာပေါ့။ ဒီအစီအစဉ်မှာလည်း ကိုကြံ့ တစ်ယောက်တည်း လျှောက်သွားပြီး လေ့လာတာမျိုးပါ။ အခုရိုက်ကူးနေသလိုပါပဲ” လို့ ကျော်ကျော်ဗိုက ပြောပါတယ်။ ဆက်လက်ပြီး ဒီခရီးစဉ်မှာ ဘယ်လိုတင်ဆင်မှုတွေ ပါဝင်မလဲဆိုတာ မေးမြန်းတဲ့အခါမှာတော့..
” ကိုကြံ့အနေနဲ့ကတော့ ကြည့်ရှုတဲ့ပရိသတ်တွေလည်း အဆင်ပြေမယ်။ တခြားခရီးသွား Program တွေနဲ့မတူတဲ့ တင်ဆက်မှုလေးတွေတော့ မြင်တွေ့ရမှာပါ။ တစ်နေရာ ရောက်ရင် အဲဒီနေရာက အချက်အလက်တွေကို ပြောပြနေတာထက်ကို ကိုကြံ့သွားတဲ့အတိုင်း လှုပ်ရှားမှုအတိုင်း ပရိသတ်ကိုပါ သိမြင်စေချင်တာပါ။ ကိုကြံ့က အစားသမားလည်းမဟုတ်တော့ အစားအသောက်တွေ မြည်းစမ်းတာမျိုးမပါပါဘူး။ ဒါပေမဲ့ ဗဟုသုတရအောင်လို့ တင်ပြတာ မျိုးတော့ရှိမှာပါ။ ပရိသတ် တွေလည်း ကိုကြံ့သွားတဲ့နောက် ပေါ့ပေါ့ ပါးပါး ကြည့်ရှုရမှာပါ။ ရာဇဝင်တွေ ဘာတွေတော့ မပြောဘူး။ ရာဇဝင်ဆိုတာ သမိုင်းလည်း ဖြစ်ချင်မှဖြစ်မှာလေ။ တကယ်လို့ ကိုယ့် Present လုပ်တာမှား သွားရင်ကြည့်တဲ့ ပရိသတ်တွေလည်း message မှားရတာ မဖြစ်စေချင်ဘူး” လို့ ကျော်ကျော်ဗိုက ပြောပါတယ်။ ကျော်ကျော်ဗိုက ဒါရိုက်တာကိုဇော် (အရုဏ်ဦး)ရိုက်ကူးတဲ့ ဟာသဇာတ်ကားတစ်ကားမှာပါဝင်သရုပ်ဆောင်ရိုက်ကူးနေပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟနဲ့လည်း ဇာတ် ကားတွေ ရိုက်ကူးသွားဦးမယ်လို့ သိရပါတယ်။
မြတ်မိုးပွင့်