စကျင်ဒေသက ပန်းတမော့လက်ရာများ

0
240

Naing-Tun-2မြန်မာနိုင်ငံတွင် မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့ မြောက်ဘက် ၂၇ မိုင် ခန့် အကွာ စကျင်ကျေးရွာအနီး တောင် များမှ စကျင် ကျောက် များ ထွက်ရှိရာ တောင်တောင်ကြီး (ကာမတောင်)၊ ကျောင်းတောင် (ထုံးဖိုတောင်)၊ ရသေ့တောင်၊ ဂဲတောင်၊ ရွှေစာရံတောင် တို့မှ အများဆုံး ထွက်ရှိ၏။ တောင်တောင်ကြီးမှထွက်ရှိသည့် ကျောက်မှာ အရည်အသွေး အကောင်း ဆုံးဖြစ်သည်ဟု မန္တလေးမြို့ ပန်တော်မူ ကျောက်ဆစ် လုပ်ငန်းမှ ဦးခင်ဇော်မှ ပြောပြသည်။ စကျင်ကျောက်သား ဖြင့် မြန်မာနိုင်ငံ အနှံ့အပြား ဘုရားဆင်းတုတော် အမျိုးမျိုး ထုဆစ်ကြလေ ၏။ ထိုအထဲတွင် ထင်ရှားသည့် ဆင်းတုရုပ်ပွား တော်များ မှာပုဂံမင်း လက်ထက် ထုဆစ်ကိုးကွယ်ခဲ့သည့် အမရပူရမြို့နယ်၊ တောင်သမန်း အင်းစောင်းမှ မဟာသကျရံ သီကျောက်တော်ကြီးဘုရား၊ မန္တလေး တောင်ခြေတွင် မင်းတုန်းမင်း တည်ထား ကိုးကွယ်ခဲ့သည့် မဟာလော ကမာရဇိန် ကျောက်တော်ကြီးဘုရား၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ်၊ မင်းဓမ္မ ကုန်း တော်တွင် ကိန်းဝပ်စံပါယ်သည့် အဘယလာဘ မုနိ ရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား)၊ နေပြည်တော်၊ ဖိုးဆောင်းတောင်၊ အောင်မောဋိတောင်ထွဋ်၌ တည်ထား ကိုးကွယ်သည့် မဟာသကျရံသီ ရုပ်ရှင်တော်မြတ်များသည် ထင်ရှားသည့် သမိုင်း ဝင် စကျင်ဆင်းတုများပင်ဖြစ်သည်။

စကျင်ကျောက်ဖြင့် ဘုရားဆင်းတု အမျိုးမျိုး၊ကမ္ပည်းကျောက်ပြား၊ သိမ်သမုတ်သည့် ကျောက်တိုင် အခင်းပြား၊ စားပွဲနှင့် ရုပ်တုများထု ဆစ်ကြ၏။ ကျောက် အရည်အသွေး သုံးမျိုးခွဲခြားထား၏။ ပထမတန်းစား၊ ဒုတိယတန်းစား၊ တတိယ တန်းစား တို့ဖြစ်၏။ ပထမတန်းစား တွင်ပင် ဖယောင်းအကြည်၊ အခွက်ပါ၊ ယမန်းဆန်ပြုတ်ဆိုပြီး သုံးမျိုးထပ်မံခွဲခြား ထားကြောင်း အနန္တဂုဏ်လှိုင်ကျောက် ဆစ်နှင့် ကျောက်ပြား လုပ်ငန်းမှ ဦးဖိုးလှိုင် ကပြောကြားခဲ့၏။ ၄င်းကပင် ဆက်၍ ဒုတိယ တန်းစားတွင် အပွေးသား၊ အဖြူကျဲ၊ အဖြူ အရောင်ညစ်၊ တတိယတန်းစားတွင် သမန်းအန်သား(ကျောက်ပွ) အရောင်ဖွေး၊အရောင်ညစ်၊ အနာပါ စသည်ဖြင့် ထပ်မံ ခွဲခြားထားကြောင်းပြောကြားခဲ့ပြန်လေ၏။

၎င်းအနေဖြင့် ဘိုးဘွားများ လက်ထက်ကပင် ကျောက်ဆစ်နှင့် ပန်းတမော့ လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်ဆို၏။ လုပ်ငန်းကြီးများ အနေဖြင့် ဆရာဦးမောင်ကြည်၊ ဦးခင်ဇော် တို့နှင့်အတူ ရွှေတိဂုံတောင်ဘက်မုဒ် စောင်းတန်း ပြုပြင်ခြင်း၊ မကန်းပန်း၊ စိန်တောင်၊ နတ်ရုပ်တု၊ မီးအိမ် များပြုပြင်ခြင်း၊ နေပြည်တော် ဥပတ္တသန္တိနံရံပန်းချီနှင့် ဇာတ်ကြီး ဆယ်ဘွဲ့ ဖွား-ပွင့်-စံစသည့် ကျောက်နံရံ ပန်းချီ များပြုလုပ်ခြင်း၊ နေပြည် တော် ဗုဒ္ဓဂယာဖွား-ပွင့်-စံ၊ ဓမ္မစင်္ကြာဟောတော်မူခန်း၊ ဖွားတော်မူခန်း၊ ကြာခုနစ်ပွင့် လမ်းလျှောက်နေ ဟန်များနှင့် မဟာသကျရံသီ ရုပ်ရှင်တော် မြတ်ကြီးထုဆစ်ခြင်း တို့ကိုဆောင်ရွက်ခဲ့ သူဖြစ်ကြောင်း သိခဲ့ရပြန်သည်။ ဘုရားဆင်းတုနှင့် အခင်းပြား များအမှာများပြီး ပြည်တွင်း၊ ပြည်ပသို့ တင်ပို့ရကြောင်းသိရ၏။

ပန်တော်မူကျောက်ဆစ် လုပ်ငန်းမှ ဦးခင်ဇော်ကမူ ကုန်ကြမ်း အတွက် လုပ်ကွက် အသင့်အတင့် ရရှိ ထားကြောင်း ၊ ကျောက်ကောင်း ကောင်း လိုချင်ရင်တောင်တောင်ကြီးမှထွက်သောကျောက်များ ကိုဈေးပြိုင် လေလံဆွဲ ဝယ်ယူရကြောင်း ပြောပြခဲ့၏။ ဆင်း တုတော် များ မှာယူမှုတွင် ထိုင်းဘက်ကမှာယူလာပါကကျောက်သား ဖြူဖွေးသန့်စင်ပြီး မျက်နှာတော် သွယ်သွယ် လျလျပြု လုပ်ပေး ရကြောင်း ဆို၏။ တရုတ်မှမှာပါ က ပြည့်ပြည့်ဝဝ ဖြိုးဖြိုးနှင့် အရည်သား၊ ဖယောင်းအကြည်နှင့် ပြု လုပ် ပေးရ၏။ ရွှေတိဂုံ ဘုရားတောင် ဘက်မုခ်ပြုပြင်ခြင်း၊ နေပြည်တော် သတ္တဌာနဖွား-ပွင့်-ဟော-စံအခင်းအကျင်းနှင့် ကျောက်ဆစ် ပန်းတမော့ ဆိုင်ရာများ၊ နေပြည်တော် မဟာသကျရံသီ ဘုရားကြီး၏ ကျောက် အကြမ်း ထည် ထုတ်လုပ်ရေးမှ ထုဆစ်ရေးအကြမ်း ပြီးစီးသည်အထိ ဦးခင်ဇော် အနေဖြင့် ဆောင်ရွက်ခဲ့ ဖူးကြောင်းပြောပြခဲ့၏။

ဆင်းတုတော်၊ ရုပ်ပွားတော်များ ထုဆစ်ရာတွင် အပိုင်းအလိုက် သုံးပိုင်း ရှိသည်ဆို၏။ ပထမပိုင်း အကြမ်းထုတ်သည် ဆို၏။ ဒုတိယ ပိုင်းလေးဘက် ချသည်ဆိုပြန်၏။ တတိယပိုင်း ကိုယ်ထည်စီးသည်ဟု ခေါ်ဆိုပြီး ထိုအပိုင်းကို ဘုရားဆင်းတု အဖြစ် သတ်မှတ်၍ ပျက်စီးမှု၊ အနာအဆာ ရှိ၍ ဆက်လက် ထုဆစ်ခြင်းမပြုတော့ပါက အဟောင်းအ ဖြစ်သာ ပုံထားရသည် ဟုဆိုလေ၏။ နောက်ဆုံး အနေဖြင့် ကျောက် တွင်း ကုမ္ပဏီတွေက အဆင်ပြေပြီး ပညာရှင်တွေကတော့ ပြည်တွင်း အပ်ကုန် ထက် ပြည်ပအပ်ကုန် ကိုအားထားနေရတာပါဟုဦးခင်ဇော် မှ စကျင် မြေမှ လက်တွေ့ဘဝ အခြေအနေများကို ထပ်ဆင့်ခံစားပြောပြခဲ့ ၏။ သို့သော်လည်း အင်းဝခေတ် ရှေးရှင်ဘုရင်များခေတ်မှသည် မျက်မှောက် ခေတ်အထိတိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်သည့်ရတနာတစ်ပါး အဖြစ် စကျင်တောင်က တည်ရှိနေသေးသည်မှာမြေကြီးလက်ခတ်မလွဲ မျက်မြင် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

 နိုင်ထွန်း(TGI)


LEAVE A REPLY

Please enter your comment!
Please enter your name here