ရုပ်ရှင် ခေတ်ကောင်းလာပြီလို့ဆိုတဲ့ ဒါရိုက်တာ ရာဇဝင်ကို

0
178

Yarzwin Ko

သင်္ကြန်မတိုင်ခင်က ရုံတင်ခဲ့တဲ့ “ငါ့အကယ်ဒမီ” ရုပ်ရှင်ဇာတ်ကားကြီးဟာ ပရိသတ်အားပေးမှု အရှိန်အဟုန်မြင့်တက်စွာနဲ့ အောင်မြင်မှုတွေရရှိခဲ့တာမို့ ဖန် တီးရိုက်ကူးခဲ့သူ ဒါရိုက်တာရာဇဝင်ကိုကလည်း အောင်မြင် မှုအတွက် ပျော်ရွင်မိခဲ့ရတယ်လို့ ဆိုပါတယ်။ ” ရုပ်ရှင်ကတော့ ခေတ်ကောင်းနေပြီလို့ ပြောလို့ရတယ်။ စိတ်ကြိုက်ရိုက်ကူးခွင့်ရလာတဲ့ အနေအထားတွေ ဖြစ်လာပြီ။ ဗီဒီယိုကတော့ နည်းနည်းနဲ့ ကျယ်ကျယ်ဝိုင်းဝန်းရတဲ့ အနေအထားဖြစ်လာတာပေါ့။ ကိုယ်ကုန်ထားတာနဲ့ ပြန်ရတာက မကာမိဘူးဖြစ်လာတယ်။ ဒါပေမဲ့ ဗီဒီယိုဈေးကွက်ကို ပျောက်မသွားစေချင်တဲ့အတွက် ရနိုင်တဲ့ဘက်ကနေ ကျားကန်ပြီးတော့ ကြိုးစားပြီး ရိုက်လာကြ တာပေါ့။ အဲဒီအခါကျတော့ ကျွန်တော်တို့ အနေနဲ့ အချိန်ကို အရမ်းကြီး အကုန်အကျခံလို့ မရတော့ဘူး။ Duty တွေ တက်လို့ မရတော့ဘူး။ ဂျူတီတက်တာနဲ့ ငွေကြေးပမာဏက အများကြီးတက်လာပါတယ်။ အဲဒါကြောင့် သတ်မှတ် ဂျူတီတွေအတွင်းမှာ ဝင်အောင် ရိုက်ကူးလာရတဲ့ အခြေအနေတွေ ဖြစ်ကုန်ပြီပေါ့” လို့ ဒါရိုက်တာ ရာဇဝင်ကိုက ပြောပြပေးပါတယ်။

အခုနောက်ပိုင်း မြန်မာရုပ်ရှင်ဈေးကွက် အနည်းငယ်ပြန်လည် မြင့်တက်လာခဲ့ပြီနောက် ရုပ်ရှင်ရိုက်ကူးထုတ်လုပ်မှုစရိတ်ဘက်မှာလည်း အရင်ကထက် ငွေ ကြေးပမာဏ ပိုမိုသုံးစွဲလာနေတာတွေလည်း ရှိလာနေခဲ့ပြီလို့လည်း ဆိုပါတယ်။

” ငွေကြေးပမာဏများများ ရုပ်ရှင်မှာ အသုံးပြုပြီး ရိုက်ကူးတာတွေတော့ ရှိလာပြီ။ သဘောင်္စင်းလုံးငှားပြီး ရိုက်ကူးတာတွေ တောင်ရှိလာပြီ။ ကျွန်တော် ရိုက်ကူးခဲ့တဲ့ “ငါ့အကယ်ဒမီ” ရုပ်ရှင်ဇာတ်ကားတုန်းကဆိုရင်လည်း ဆင်းန်တစ်ဆင်းန်အတွက်ကိုပဲ သိန်းသုံးရာငါးဆယ်ကျော် အသုံးပြုခဲ့တယ်။ အဓိကကတော့ ငွေကြေးကုန်ကျမှုသည် ဇာတ်နဲ့လည်း ဆိုင်ပါတယ်။ ဇာတ်အပေါ်မူတည်ပြီးတော့ ငွေကြေးကုန်ကျမှုတွေက အပြောင်းအလဲတွေ ရှိပါတယ်” လို့ဆိုပါတယ်။

ဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ် ကားအတော်အများဟာ အောင်မြင်မှုများစွာကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဇာတ်ကားတွေချည်းဖြစ်တာမို့ သူ အောင်မြင်လာခဲ့ရတဲ့ အဓိကအကြောင်းအရင်းကတော့ ” ကျွန်တော်ရိုက်ကူးတဲ့ ဇာတ်ကားတွေ အောင်မြင်လာရတဲ့ အကြောင်းအရင်းက အဓိကက မြင်တတ်ရမယ်ဗျ။ ရုပ်ရှင်ဆိုတာ ပရိသတ်စိတ်ဝင် စားရမယ်။ အဲဒီတော့ ကိုယ်တွေက ပရိသတ်ဘာတွေကို စိတ်ဝင်စားသလဲဆိုတာကို လေ့လာရတယ်။ ပရိသတ် စိတ်ဝင်စားမှလည်း ရုံထဲကို လူဝင်မှာ ဖြစ်တယ်။ လူဝင်မှ ကျွန်တော်တို့ ဇာတ်ကားက အောင်မြင်မှာ ဖြစ်တယ်။ လွယ်လွယ်ပြောရရင် ငါးပွက်ရာ ငါးစာချရတဲ့ သဘောဖြစ်နေတာပေါ့။ ကိုယ်ဇာတ်ကားရုံတင် မယ့်အချိန်နဲ့ အဲဒီအချိန်မှာ ဘာတွေခေတ်စားနေမလဲ ဆိုတာကို ကြိုတွေးထားရမယ်။ ဇာတ်ရဲ့ ဖရိန်နဲ့ ဒိုင်ယာလော့ခ်၊ အဝတ်အစားတွေကအစ အကုန် သတိထားရတယ်” လို့ပြောပြပေးခဲ့ပါတယ်။

၂ဝ၁၇ ခုနှစ်အတွင်းမှာတော့ ဒါရိုက်တာ ရာဇဝင်ကိုက ရုပ်ရှင်ဇာတ်ကားပေါင်း ၁ဝ အထိ ရိုက်ကူးပေးသွားဖို့ရှိတဲ့အပြင် ရိုက်ကူးပြီးခဲ့တဲ့ ရုပ်ရှင် ဇာတ်ကား ၉ ကားတိတိရှိတဲ့အထဲမှာ ၂ ကားက တော့ ရုံတင်ပြီးခဲ့ပြီဖြစ်တာမို့ ၇ ကားရုံတင်ဖို့ ရှိနေပါသေးတယ်။ အဲဒီ ၇ ကားထဲကမှ ဒီနှစ်ထဲမှာတော့ “သရဲသင်္ဘော” နဲ့ “ကွီးတို့၏မာယာ” ရုပ်ရှင်ဇာတ်ကား ၂ကား ရုံအရင်တင်ဖို့ ရာခိုင်နှုန်းများနေတယ်လို့လည်း ဆိုခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here